မြိတ်တွင် ဝက်သားပေါက်တစ်ကောင်ဈေး နှစ်သိန်းကျပ်အထိဈေးပေါက်

0
1223

မြိတ်မြို့တွင် လေးဆယ်ငါးရက်သား ဝက်သားပေါက် (မွေးမြူရေးဝက်) တစ်ကောင်လျှင် နှစ်သိန်းကျပ်အထိ ဈေးပေါက်နေကြောင်း ဝက်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူတို့ထံမှ သိရသည်။

အဆိုပါ မွေးမြူရေးဝက်တို့အား ဝက်ချောဟု ခေါ်ဝေါ်လေ့ရှိကြပြီး တစ်နိုင်တစ်ပိုင်နှင့် အကောင်ရေဆယ်ဂဏန်းမှ ရာဂဏန်းအထိ ခြံကြီးတို့ဖြင့် စီးပွားဖြစ်မွေးမြူလေ့ရှိကြသည်။

“ဝက်သားပေါက်က အုပ်လိုက်ဆို တစ်သိန်းခုနှစ်သောင်းဈေး။ တစ်ကောင်ချင်းဆို နှစ်သိန်းအထိ ပေါက်နေပြီ” ဟု ဝက်မွေးမြူရေးလုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

ဝက်သားပေါက်အကောင်ရေ ဆယ်ဂဏန်းအထက်ဆိုပါက တစ်ကောင်လျှင် တစ်သိန်းခုနစ်သောင်းကျပ်ဈေးရှိပြီး တစ်ကောင်ချင်း ဝယ်ယူပါက နှစ်သိန်းကျပ်ဈေး ဖြစ်သည်။

ပြီးခဲ့သည့်နှစ် မေလအတွင်းက ဝက်သားပေါက်တစ်ကောင်လျှင် တစ်သိန်းမှ တစ်သိန်းနှစ်သောင်းကျပ်အထိသာ ဈေးရှိသဖြင့် နှစ်ဆတိုးနီးပါးအထိ ဈေးမြင့်တက်လာကြောင်း ဝက်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူအချို့က ပြောသည်။

“ဈေးများဆို ကုန်ဈေးနှုန်းရော၊ ဝက်စာဈေးလည်း အစစဈေးတက်တော့ ဝက်ဈေးလည်း လိုက်တက်တာပေါ့” ဟု အထက်ပါ ဝက်မွေးမြူရေးလုပ်ကိုင်နေသူက ပြောဆိုသည်။

၄၅ ရက်သား ဝက်သားပေါက်တို့အား မွေးမြူပါက လေးလခန့်အကြာတွင် ပိဿာချိန် ငါးဆယ်မှ ခြောက်ဆယ်ခန့် အရွယ်ရှိ ရောင်းတန်းဝင်အရွယ် ရောက်ရှိကြောင်း ရှမ်းချောင်းကြီးရွာရှိ ဝက်မွေးမြူရေးလုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

ရောင်းတန်းဝင် ဝက်တစ်ပိဿာလျှင် လက်ရှိပေါက်ဈေးအရ တစ်သောင်းတစ်ထောင်ကျပ်မှ တစ်သောင်းနှစ်ထောင်ကျပ်အထိ ရရှိသဖြင့် တစ်ကောင်လျှင် ငါးသိန်းမှ ခြောက်သိန်းကျပ်အထိ ရရှိလေ့ရှိကြောင်း ဝက်မွေးမြူရေးလုပ်ကိုင်နေသူက ဆိုသည်။

“ဝက်သားပေါက်ရော ဝက်စာအခြောက်တွေပါ ဈေးကြီးတယ်။ ဈေးကြီးပေမယ့် မွေးတဲ့သူကတော့ လျော့မသွားပါဘူး။ တွက်ခြေကိုက်အောင်‌တော့ အစာခြောက်၊ ဆန်မှုန့် ဆန်ဖျားတွေ ရောပြီး ကျွေးရတာပေါ့” ဟု ၎င်းက ပြောသည်။

မြိတ်မြို့ရှိ ‌မွေးမြူရေးဇုန်နှင့် မြို့အစွန်းရှိ ရပ်ကွက်အချို့တို့တွင် ဝက်ခြံကြီးများဖြင့် စီးပွားဖြစ်မွေးမြူလေ့ရှိကြပြီး တစ်ပိုင်တစ်နိုင်မွေးမြူသူလည်း ရှိကြသည်။