ဇရပ်ဆိပ်ရွာကို စစ်ကောင်စီတပ် နှစ်ရက်ဆက်တိုက်ဝင်ရောက်၊ ရွာသားခုနစ်ဦးထက်မနည်းဖမ်းဆီးခံရ

0
453

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ဇရပ်ဆိပ်ကျေးရွာကို စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဝင်ရောက်ခဲ့ပြီး ရွာသားအချို့ကို ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

မေလ ၂၈ရက် နံနက်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဇရပ်ဆိပ်ကျေးရွာသို့ ရောက်ရှိလာပြီး အမျိုးသား လေးဦးနှင့် အမျိုးသမီး သုံးဦးကို ပုလောမြို့သို့ ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောသည်။

နောက်တစ်ရက် မေလ ၂၉ ရက်ညတွင်လည်း ထပ်မံပြီးလာရောက်မွှေနှောက်ရှာဖွေခဲ့သေးကြောင်း ဒေသခံများက ဆိုသည်။

“ညကလည်း ပြန်လာမွှေသေးတယ်။ လူတွေလည်း အကုန်ပြေးကုန်ကြပြီ။ ဖုန်းတွေလည်း အကုန်စက်ပိတ် ထားကြတော့ အကျိုးအကြောင်း မေးလို့မရဘူး” ဟု ဇရပ်ဆိပ်ဒေသခံများနှင့် ဆွေမျိုးနီးစပ်သည့် အမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်က ဇရပ်ဆိပ်ဒေသခံများကို မည်သည့်အကြောင်းအရင်းကြောင့် လာရောက်ဖမ်းဆီးခဲ့သည်ကို မသိရှိရသေးသလို ဖမ်းဆီးခံရသည့် အရေအတွက် အတိအကျကိုလည်း ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ဇရပ်ဆိပ်ရွာတွင် ၂၀၂၂ ခုနှစ် အောက်တိုဘာလအတွင်းက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအိမ်နှင့် အုပ်ချုပ်ရေးမှူးရုံး မိုင်းခွဲမီးရှို့ခံခဲ့ရပြီး ဒီဇင်ဘာလနှင့် ၂၀၂၃ ခုနှစ်ဇန်နဝါရီလတို့တွင်လည်း ယင်းကျေးရွာအနီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့သည်။

သို့သော် ယင်းနောက်ပိုင်းမှ လက်ရှိအချိန်အထိ ယင်းရွာအနီးဝန်းကျင်တွင် တိုက်ပွဲဖြစ်စဉ် မရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဇရပ်ဆိပ်ရွာသည် အိမ်ခြေ ၄၀၀ ဝန်းကျင်ရှိပြီး ပလမြို့နှင့် မြိတ်မြို့အကြား ပြည်ထောင်စုလမ်းပေါ်တွင်ရှိသည့် ကျေးရွာဖြစ်သည်။ ဒေသခံအများစုမှာ ဥယျာဉ်ခြံလုပ်ငန်းလုပ်ကိုင်ကြကြောင်း ဒေသခံတို့ထံမှ သိရသည်။

တိုက်ပွဲနှင့် အဖမ်းအဆီးများကြောင့် ယမန်နှစ်ကုန်ကတည်းက ဇရပ်ဆိပ်၊ တပို၊ ကြဲ စသည့် အနီးအနားကျေးရွာတို့မှ ဒေသခံများသည် ရွာတွင်မနေရဲဘဲ အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့နေကြရသည်။

တနင်္သာရီတိုင်းအတွင်း စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့် ပုလောမြို့နယ်သည် တိုက်ပွဲဖြစ်ပွားမှု အများဆုံးနှင့် အရပ်သားသေဆုံး၊ ဖမ်းဆီးခံရမှုလည်း အများဆုံး ဒေသဖြစ်သည်။