ထားဝယ်တွင် ကြက်သွန်ဈေးတက်

0
1357

ထားဝယ်ဈေးကွက်တွင် မေလ ပထမပတ်အတွင်း ကြက်သွန်ဈေးတက်လာကြောင်း ထားဝယ်မြို့ရှိ ကုန်စုံဆိုင် ဖွင့်လှစ်ရောင်းချသူများထံမှ သိရသည်။

ဧပြီလ ၂၈ရက်က ထားဝယ်ဈေးကွက်တွင် ကြက်သွန်နီတစ်ပိဿာလျှင် ၂၀၀ဝကျပ်ခန့် ဈေးရှိရာမှ မေလ ၉ရက်တွင် တစ်ပိဿာ ၂၈၀ဝကျပ် ဖြစ်လာကြောင်း ထားဝယ်မြို့ရှိ ကုန်ခြောက်ဆိုင်ဖွင့်လှစ်ရောင်းချသူ အမျိုးသမီးတစ်ဦးက ပြောသည်။

“ဈေးကွက်ထဲမှာတော့ ကြက်သွန်တွေ ပြည်ပတင်ပို့နေတာများလာလို့ ဈေးတက်တယ်” ဟု ၎င်းက ဆိုသည်။

ထို့ကြောင့် ထားဝယ်ဈေးကွက်တွင် ဧပြီလ ၂၈ ရက်မှ မေလ ၉ ရက်အတွင်း ကြက်သွန်နီတစ်ပိဿာ ကျပ်ရှစ်ရာခန့် ဈေးတက်သွားခြင်းဖြစ်ကြောင်း ကုန်စုံဆိုင်ဖွင့်လှစ်ရောင်းချသူများထံမှ သိရသည်။

ထားဝယ်ဒေသသည် ကြက်သွန်စိုက်ပျိုးထုတ်လုပ်သည့် ဒေသမဟုတ်သည့်အတွက်ကြောင့် ရန်ကုန်၊ မော်လမြိုင်ဈေးကွက်တို့မှတစ်ဆင့် မှာယူရောင်းချကြရသည်။

ရန်ကုန်နှင့် မော်လမြိုင် ဈေးကွက်တွင် ဈေးနှုန်းအပြောင်းလဲပေါ်မူတည်၍ ထားဝယ်ဒေသ၏ ကုန်ဈေးနှုန်းများမှာလည်း လိုက်ပါပြောင်းလဲ‌သည်။

ဧပြီလ ၂၈ ရက်နေ့က ရန်ကုန်မြို့၏လက်လီဈေးကွက်တွင် ကြက်သွန်နီတစ်ပိဿာ ၂၃၀ဝကျပ်သာရှိရာမှ မေလ ၈ ရက်နေ့တွင် တစ်ပိဿာ ၂၈၀ဝကျပ်ဖြစ်သွားသည်။

“ပြီးခဲ့တဲ့ နှစ်ရက်၊ သုံးရက်ခန့်က ကြက်သွန်နီတစ်ပိဿာ ၂၂၀ဝကျပ်ပဲရှိသေးတယ်။ အခုဒီနေ့ ၂၇၀၀ ကျပ် ဖြစ်သွား တယ်” ဟု လောင်းလုံးမြို့နယ်မှ အိမ်ရှင်မတစ်ဦးက ပြောသည်။

ကြက်သွန်နီ ဈေးတက်လာခြင်းနှင့်အတူ ကြက်သွန်ဖြူဈေးမှာလည်း တစ်ပတ်အတွင်း တစ်ပိဿာ ၅၀ဝကျပ်ခန့် ဈေးတက်လာသည်။

ဧပြီလ ၂၈ ရက်က ကြက်သွန်ဖြူတစ်ပိဿာ ၆၀၀ဝကျပ် ဈေးရှိရာမှ မေလ ၅ရက်တွင် တစ်ပိဿာ ၆၅၀ဝကျပ် ဖြစ်လာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

ထားဝယ်ဒေသရှိ ကုန်သည်များသည် ကြက်သွန်၊ ငရုတ်၊ ဆီ အစရှိသည့် မီးဖိုချောင်သုံး စားသုံးကုန်ပစ္စည်းများကို ရန်ကုန်ဈေးကွက်မှတစ်ဆင့် ဝယ်ယူ၍ ဒေသဈေးကွက်တွင် ပြန်လည်းရောင်းချကြခြင်းဖြစ်သည်။

ယခုတစ်ပတ်အတွင်း ကြက်သွန်ဈေး အတက်ဘက်ရောက်လာသော်လည်း စားသုံးဆီနှင့် ငရုတ်သီးခြောက်ဈေးမှာ ထားဝယ်ဈေးကွက်တွင် ဧပြီလ ပထမပတ်ကစ၍ မေလ ပထမပတ်အထိ ငါးပတ်ဆက်တိုက်ဈေးနှုန်းတည်ငြိမ် နေကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။