ပုလောက သတင်းပေးဟုဆိုသူဆယ်ဦးကို အမည်နှင့်တကွ ပကဖ သတိပေးချက်ထုတ်

0
521

မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် နေထိုင်သည့် Non CDM အပါအဝင် စစ်ကောင်စီသတင်းပေး ၁၀ ဦးကို ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မေလ ၈ရက်တွင် သတိပေးချက် ထုတ်ပြန်ထားသည်။

ဇရပ်ဆိပ်ကျေးရွာက အမျိုးသားငါးဦးနှင့် အမျိုးသမီးတစ်ဦး၊ ဘိုင်းပြင်ရွာက အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦး တို့သည် စစ်ကောင်စီသတင်းပေး လုပ်နေကြောင်း ပြည်သူများက တိုင်ကြားသည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

ယင်းလုပ်ရပ်များကို ရပ်တန့်က ရပ်ရန်နှင့် ဆက်လက်လုပ်ဆောင်လျှင် အပြစ်ပေးအရေးယူသွားမည်ဖြစ်ကြောင်း ၎င်းတို့၏ အမည်၊ နေရပ်နှင့်တကွ ပုလောပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားခြင်းဖြစ်သည်။

သတိပေးခံရသည့်အထဲတွင် Non CDM မည်မျှပါဝင်သည်ကိုမူ ဖော်ပြထားခြင်း မရှိပေ။

စစ်ကောင်စီတပ်ကို ကူညီထောက်ပံ့ပေးနေသည့် Non CDM များ၊ သတင်းပေးဒလန်များ၊ ပျူစောထီးများကြောင့် ပြည်သူများ ဖမ်းဆီးခံရခြင်း၊ တိုက်ပွဲဖြစ်စဉ်အတွင်း နေအိမ်များမီးရှို့ခံရခြင်းတို့ ပုလောမြို့နယ် နေရာအနှံ့အပြားတွင် ဖြစ်ပေါ်နေကြောင်းလည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

“ကျွန်တော်တို့ ကြောက်နေရတာ ကိုယ့်ပတ်ဝန်းကျင်က လက်ညိုးတွေပဲ။ လက်ညိုးတွေကြောင့် မဆီမဆိုင် အဖမ်းခံရ သူတွေ နေ့တိုင်းရှိလာတယ်။ မိသားစုအလိုက် ပြေးသွားရတာလည်း တစ်ပုံကြီးရှိတယ်” ဟု ကဒဲကျေးရွာမှ တိမ်းရှောင် နေရသည့် အမျိုးသားတစ်ဦးက ပြောသည်။

စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့် ပုလောမြို့နယ်တွင် မကြာခဏတိုက်ပွဲများဖြစ်ပေါ်နေသလို ဒေသခံပြည်သူများ အဖမ်းအဆီးခံရမှုလည်း မကြာခဏရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

ပုလောမြို့နယ်တွင် စစ်ကောင်စီတပ် သတင်းပေးဒလန်ဟုဆိုသူများလည်း မကြာခဏ ပစ်ခတ်ရှင်းလင်းခံရလေ့ရှိသည်။