ရနောင်းတွင် မြန်မာလုပ်သားများဖမ်းဆီးခံရ၊ ပို့ခ မူးယစ်ဆေးယူသည့် ထိုင်းပွဲစားလည်းအဖမ်းခံရ

0
1470

ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းခရိုင်တွင် ကော့သောင်းမှတစ်ဆင့် တရားမဝင် ဝင်ရောက်လာသူများ အပါအဝင် အထောက်အထားမဲ့ မြန်မာအလုပ်သမား ၁၀ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း အမှတ် (၂၅) ထိုင်းခြေမြန်တပ်ရင်းက မေလ ၈ရက်က ထုတ်ပြန်သည်။

မြန်မာအလုပ်သမားများကို နေရာသုံးခုတွင် ဖမ်းမိခြင်းဖြစ်သည်ဟုဆိုသည်။

နယ်စပ်မှ ဝင်ရောက်လာသည့် မြန်မာအလုပ်သမားခြောက်ဦးကို ထိုင်းပွဲစားတစ်ဦးက ခြေလျင်ခေါ်လာပြီး နောက်ပွဲစားလာခေါ်မည့် ရနောင်းခရိုင် ကပေ့ဒေသရှိ ဆိပ်ကမ်းအနီးတွင် မေလ ၇ရက်က စောင့်ဆိုင်းနေခဲ့ကြကြောင်း ဖော်ပြသည်။

ယင်းသို့စောင့်ဆိုင်းနေချိန် မြန်မာအလုပ်သမားများနှင့်အတူ ထိုင်းပွဲစားပါ ဖမ်းဆီးခံရကြောင်း ဖော်ပြပါရှိသည်။

ထိုင်းပွဲစားကို နောက်ထိုင်းပွဲစားတစ်ဦး ဖုန်းဖြင့်ချိတ်ဆက်ကာ မြန်မာအလုပ်သမားများကို ချိန်းဆိုထားသည့်နေရာသို့ ပို့ဆောင်ခိုင်းခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

လုပ်အားခအဖြစ် ယာဘမူးယစ်ဆေး ၁၂ လုံး ရရှိသည်ဟု ထိုင်းပွဲစားက ထွက်ဆိုပြီး ယင်းမူးယစ်ဆေးဝါးကိုပါ လက်ဝယ်တွေ့ရှိကြောင်း ဖော်ပြသည်။

မြန်မာအလုပ်သမားများသည် စူရတ်ဌာနီခရိုင်တွင် သွားရောက်လုပ်ကိုင်နိုင်ရန်အတွက် တစ်ဦးလျှင် ဘတ် ၃၀၀၀၀ ပေးချေရမည်ဖြစ်ကြောင်း ဖြေကြားချက်သည်ဟု ဖော်ပြသည်။

နောက်တစ်ရက် မေလ ၈ ရက်တွင် ရနောင်းခရိုင် ကရဘူရီဒေသရှိ စစ်ဆေးရေးဂိတ်တွင် ဆိုင်ကယ်ဖြင့် လိုက်ပါလာခဲ့သော အထောက်အထားမဲ့ မြန်မာအလုပ်သမား အမျိုးသမီးနှစ်ဦးကို ဖမ်းမိကြောင်း အမှတ် (၂၅) ထိုင်းခြေမြန်တပ်ရင်းက ထုတ်ပြန်သည်။

ယင်းနေ့တွင်ပင် ကရဘူရီ-ချွန်ဖော်ပြေးဆွဲနေသော လိမ္မော်ရောင် လိုင်းကားပေါ်တွင် အထောက်အထားမဲ့ မြန်မာအလုပ်သမား နှစ်ဦးကို ထပ်မံဖမ်းဆီးရမိကြောင်း‌ ဖော်ပြထားသည်။

ဖမ်းဆီးခံရသူအားလုံးကို သက်ဆိုင်ရာနယ်မြေရှိ ရဲစခန်းများသို့ ခေါ်ဆောင်ခဲ့ပြီး ဥပဒေအရ ဆက်လက်အရေးယူမည်ဖြစ်ကြောင်း ဖော်ပြသည်။

မေလ ၅ ရက်ကလည်း ထိုင်းနိုင်ငံတောင်ပိုင်း နရသီဝပ်ခရိုင်တွင် မလေးရှားသို့ သွားရောက်လုပ်ကိုင်မည့် မြန်မာအလုပ်သမားများ လိုက်ပါလာသည့် ကားတစ်စီးတိမ်းမှောက်ခဲ့ပြီး နှစ်ဦးသေဆုံးကာ ၁၃ ဦး ဒဏ်ရာရသည်။

Ref: หน่วยเฉพาะกิจกรมทหารราบที่ 25