ရေးက PDF စခန်းတစ်ခု လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခံရ၊ တပ်ဖွဲ့ဝင် သုံးဦးကျဆုံး

0
1866

မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ ကျားဖြူစစ်ကြောင်းစခန်းကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့်ဗုံးကြဲ တိုက်ခိုက်သဖြင့် PDF တပ်ဖွဲ့ဝင် သုံးဦးကျဆုံးကာ အရပ်သားအပါအဝင် ခုနစ်ဦး ထိခိုက်ဒဏ်ရာရကြောင်း ကျားဖြူစစ်ကြောင်းနှင့် ဒေသခံတို့ထံမှ သိရသည်။

ရေးမြို့နယ်မြောက်ပိုင်းဒေသ ရေးနှင့် သံဖြူဇရပ်မြို့နယ်ကြားရှိ ကျားဖြူစစ်ကြောင်း နောက်တန်းစခန်း ဗုံးကြဲတိုက်ခိုက်ခံရခြင်း ဖြစ်သည်ဟုဆိုသည်။

ကျားဖြူစစ်ကြောင်းစခန်းကို စစ်ကောင်စီတပ်က မေလ ၇ ရက် ည ၁၁နာရီခန့်ကတစ်ကြိမ်၊ မေလ ၈ရက် နေ့လယ် ၁၂ နာရီခန့်ကတစ်ကြိမ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကျားဖြူစစ်ကြောင်းက ထုတ်ပြန်သည်။

ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် အမျိုးသမီးတပ်ဖွဲ့ဝင် တစ်ဦးနှင့် အမျိုးသားတပ်ဖွဲ့ဝင် နှစ်ဦး ကျဆုံးပြီး တပ်ဖွဲ့ဝင် လေးဦး ထိခိုက်ဒဏ်ရာရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယင်းအပြင် အနီးဝန်းကျင် ကျေးရွာက အရပ်သားပြည်သူ အမျိုးသမီး တစ်ဦးနှင့် အမျိုးသား နှစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် လေးလုံးပါ မီးလောင်ပျက်စီးသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။

“လူတွေလည်း ထိတယ်။ အိမ်လည်းထိတော့ အခု ရွာကရော အနီးနားရွာက လူတွေက ကြောက်ပြီး တိမ်းရှောင်နေကြရတယ်” ဟု ရေးဒေသခံတစ်ဦးက ပြောသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ရာနှင့်ချီမှာ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း ဒေသခံတို့ထံမှ သိရသည်။

ယခု စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့သည့်နေရာသည် ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ နယ်မြေဒေသ ဖြစ်သည်။

ပြီးခဲ့သည့် ဧပြီလအတွင်းကလည်း KNU တပ်မဟာ ၆ နယ်မြေတွင် စစ်ကောင်စီတပ်က လူနေကျေးရွာထဲ လေကြောင်းဖြင့် ၃၁ ကြိမ် ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း KNU ဒူးပလာယာခရိုင်က ထုတ်ပြန်ထားသည်။