ပုလောနန်းတောင်နှင့် ထမင်းမစားရွာတွင် တိုက်ပွဲဖြစ်

0
2011

မြိတ်ခရိုင်ပုလောမြို့နယ်၊ နန်းတောင်ကျေးရွာနှင့် ထမင်းမစားကျေးရွာတို့တွင် ယနေ့နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများနှင့် ပုလောပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း ၁ တို့ထံမှ သိရသည်။

နန်းတောင်ကျေးရွာတွင် ယနေ့(မေ ၄)နံနက်က လက်နက်ငယ်ပစ်ခတ်သံများ ကြားခဲ့ရပြီး ပုလောစစ်ကောင်စီတပ်က နန်းတောင်အနီးအနားရှိ ကျေးရွာများဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း ဒေသခံများ ကပြောသည်။

နန်းတောင်တိုက်ပွဲနှင့် ပတ်သက်ပြီး လတ်တလော အခြေအနေကို Dawei Watch မှဆက်လက် စုံစမ်းနေဆဲဖြစ်သည်။

နန်းတောင်ကျေးရွာသည် KNU တပ်မဟာ ၄ နယ်မြေ၏ ပုလောမြို့ဘက်မှ ဝင်ပေါက်ဖြစ်ပြီး စစ်ကောင်စီစစ်ဆေးရေးဂိတ်တစ်ခုရှိရာ ယင်းဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်များ က မကြာခဏတိုက်ခိုက်လေ့ရှိသည်။

အလားတူ မေလ ၃ ရက်နေ့ နံနက် ၈ နာရီခွဲကလည်း ပုလောမြို့နယ်၊ ထမင်းမစားကျေးရွာအနီးရှိ စစ်ကောင်စီဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုမှ ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ပြီး နံနက် ၁၀ နာရီအထိ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့မှ ထိခိုက်မှုမရှိဘဲ ဆုတ်ခွါနိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့သော် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဘက်မှ ဒရုန်းတစ်စီးပျက်စီးဆုံးရှံးခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှလည်း ၇ ဦးခန့်သေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

အဆိုပါ စစ်ဆင်ရေးကို ပြည်သူ့ကာကွယ်ရေး မြိတ်ခရိုင်တပ်ရင်း ၁ နှင့် ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ (PRDF)တို့မှ ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ပုလောမြို့နယ်အတွင်း တိုက်ပွဲများ ပြင်းထန်နေသဖြင့် မိဘပြည်သူများအနေဖြင့် လုံခြုံရေးသတိအမြဲရှိရန်၊ စစ်ရေးသတင်းကို အမြဲနားစွင့်ထားရန်၊ မလိုအပ်ဘဲ ခရီးမသွားကြရန်နှင့် ထုတ်ပြန်ထားသည့် စည်းကမ်းချက်များကို စနစ်တကျလိုက်နာပေးကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။