မိုးဖျက်နည်းသဖြင့် ယခုနှစ်ဆားအထွက်ပြန်ကောင်း

0
1947

ယခုနှစ် မိုးဖျက်မှုနည်းသဖြင့် ဆားအထွက်ကောင်းကြကြောင်း ထားဝယ်ဒေသက ဆားလုပ်တောင်သူအချို့က ပြောသည်။

ယခုနှစ်တွင် မေလပထမအပတ်အထိ ဆားထုတ်လုပ်နိုင်သည့်အပြင် ဆားထုတ်လုပ်နေစဉ်ကာလအတွင်း ဖျက်မိုးနည်းသဖြင့် ဆားကွင်း ဧက ၂၁၀ ခန့်တွင် ဆားပိဿာချိန် သိန်း ၂၀ ခန့်အထိ ထုတ်လုပ်ရရှိကြောင်း ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက် ရွှေပြည်သားဆားစက်ရုံပိုင်ရှင် ဦးသန်းဝင်းက ပြောဆိုသည်။

၂၀၂၁ ခုနှစ်ကဆိုလျှင် ရာသီဖျက်မိုးရွာသွန်းမှုများသောကြောင့် နေလှန်းဆားပိဿာချိန် ကိုးသိန်းခန့်သာရရှိပြီး ၂၀၂၂ ခုနှစ်တွင်လည်း ‌၁၃ သိန်းခန့်သာရရှိခဲ့ကြောင်း ၎င်းက ဆိုသည်။

ထို ၂နှစ်တာကာလတွင် မိုးရွာသွန်းမှုများသောကြောင့် ဧပြီလ နောက်ဆုံးအပတ်ထိသာ ဆားထုတ်လုပ်နိုင်ပြီး ဆားထွက်နှုန်းလျော့ကျခဲ့ကြောင်း ဆားလုပ်တောင်သူတို့ထံမှ သိရသည်။

“မနှစ်ကနဲ့ စာရင်တော့ ဆားပိဿာချိန် ခုနစ်သိန်းလောက်ပိုလာတာပေါ့လေ။ အရင်က ရာသီကောင်းတုန်းကဆို ၂၇ သိန်းလောက်အထိ ရဖူးတယ်။ ဒီနှစ်က ရာသီကောင်းတယ်ဆိုပေမယ့် ကြားထဲမှာ နွေမိုးဖျက်တာရှိသေးတယ်လေ” ဟု ဦးသန်းဝင်းက ပြောသည်။

ကံပေါက်ဒေသက ဆားကွင်း ဧက ၁၅၀ ခန့်ကို လုပ်ကိုင်နေသည့် အစုရှယ်ယာရှင် ဦးတင်ဦးကလည်း ယခုနှစ် ဖျက်မိုးနည်းသဖြင့် ပြီးခဲ့သည့် နှစ်ကထက် ဆားထွက်နှုန်း သုံးပုံတစ်ပုံ တိုးလာကြောင်း ဆိုသည်။

ရာသီဥတုကောင်းသည့်နှစ်များက ၃ ဧကအတွက် တစ်ရာသီကို မီးချက်ဆား ပိဿာချိန် ငါးသောင်းကျော် ရရှိတတ်သော်လည်း ပြီးခဲ့သည့် ၂ နှစ်ဆက်တိုက်တွင် ပိဿာချိန်နှစ်သောင်းခွဲခန့်သာ ရရှိခဲ့ကြောင်း သရက်ချောင်းမြို့နယ်၊ ပြင်းဖြူကြီးကျေးရွာက ဆားလုပ်တောင်သူ ဒေါ်မြင့်စန်းက ပြောသည်။

ယခုနှစ်တွင် ရာသီကောင်းသဖြင့် မေလ ပထမအပတ်ထိ ဆားထုတ်လုပ်နေဆဲဖြစ်ပြီး ဆားပိသာချိန် လေးသောင်းရရှိထားပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ဒီလိုရာသီကောင်းပုံနဲ့ဆို ပိဿာ ငါးသောင်းကျော်လောက် ရရဖို့၊ အခုက ဆားထိုး (ချက်) တဲ့လူ ကျန်းမာရေး မကောင်းဖြစ်သွားလို့ လေးသောင်းလောက်ပဲရတယ်” ဟု ဒေါ်မြင့်စန်းက ပြောဆိုသည်။

မီးချက်ဆား ၁၀ ပိဿာတအိတ်ကို ငွေကျပ် ၄၀၀ဝမှ ၄၅၀၀ ကျပ်ခန့်ရှိပြီး နေလှန်းဆားမှာ ပိဿာ ၃၀ ပါ တစ်အိတ်ကို ကျပ် ၉၀၀၀ ဈေးရှိသည်ဟု ဆားချက် လုပ်ငန်းရှင်တို့က ပြောသည်။

ပြီးခဲ့သည့်နှစ်ကာလတူနှင့် နှိုင်းစာလျှင် ဆားဈေး အနည်းငယ်လျော့နည်းနေကြောင်း ၎င်းတို့ထံမှ သိရသည်။