ပြည်ကြီးမဏ္ဍိုင်မြို့ပေါ်တိုက်ခိုက်မှုတွင် လက်နက်အချို့ရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ထုတ်ပြန်

0
2337
ဓာတ်ပုံ - ကော့သောင်းခရိုင်၊ ပြည်သူ့ကာကွယ်ရေးအမှတ် ၁ တပ်ရင်း။

ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့ပေါ် တိုက်ခိုက်မှုတွင် လက်နက်အချို့ရရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကော့သောင်းခရိုင် အမှတ် (၁) တပ်ရင်းက ယနေ့ မေလ ၄ရက်တွင် ထုတ်ပြန်သည်။

မေလ ၂ ရက်နေ့ နံနက်က ပြည်ကြီးမဏ္ဍိုင်မြို့ရှိ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ရုံး (စရဖ) ရုံးနှင့် မဏ္ဍိုင်ရပ်ကွက် အုပ်ချုပ်ရေးမှူးလည်းဖြစ် ပြည်သူ့စစ် ခေါင်းဆောင်လည်းဖြစ်သူ ဦးဌေးဝင်း (ခေါ်) ညီငယ်၏ နေအိမ်အား တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ဝင်ရောက်စီးနင်းစဉ် ဦးဌေးဝင်းမှာ ထွက်ပြေးလွတ်မြောက်သွားပြီး နေအိမ်အတွင်းမှ ကိုးလုံးကျည်ခေါက်ချိုးတစ်လက်၊ ကျည် ၄ တောင့်၊ AK 47 တစ်လက်၊ ကျည် ၂၆ တောင့်၊ ကာဘိုင်ကျည် ၅ တောင့်၊ လက်ကိုင်ဖုန်းတစ်လုံးနှင့် စစ်အသုံးအဆောင်များကို သိမ်းဆည်းရမိကြောင်း ဖော်ပြသည်။

နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သတင်းပေး ဦးကြွယ်သန်းဆိုသူကိုလည်း ပစ်သတ်ခဲ့ပြီး စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး အဆိုပါစစ်ဆင်ရေးအား ကော့သောင်းခရိုင် အမှတ် (၁) တပ်ရင်း၊ Flying Star (ဘုတ်ပြင်း ပကဖ) ပူးပေါင်းအဖွဲ့တို့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

စရဖရုံးကို တိုက်ခိုက်မှုတွင် ထိခိုက်ပျက်စီးမှု ရှိမရှိ အခြေအနေတို့ကိုမူ ထုတ်ပြန်ချက်တွင် ထည့်သွင်း ဖော်ပြထားခြင်း မရှိပေ။

ကော့သောင်းခရိုင်အတွင်း နှစ်ဖက်တိုက်ပွဲများ ဖြစ်လေ့ရှိခဲ့သော်လည်း ယခုလို မြို့အတွင်း ဝင်ရောက်တိုက်ခိုက်သည့် ဖြစ်ရပ်မျိုး ယခင်က မရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။