ထိုင်းသို့ တရားမဝင် ဝင်ရောက်သဖြင့် ဧပြီလအတွင်းဖမ်းဆီးခံရသူလေးရာကျော်ရှိ

0
2268

မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်မှုကြောင့် ဧပြီလအတွင်း ဖမ်းဆီးခံရသူ ၄၀၀ ကျော်ရှိသည်။

ယင်းအရေအတွက်မှာ ထိုင်းတော်ဝင်တပ်မတော်နှင့် ထိုင်းသတင်းမီဒီယာများ၏ သတင်းဖော်ပြချက်များကို Dawei Watch က စုစည်းထားခြင်းဖြစ်သည်။

ဧပြီလတွင် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်လမ်းကြောင်းမှတစ်ဆင့် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုကြောင့် ဖမ်းဆီးခံရမှုသည် ၁၂ ကြိမ်ထက်မနည်းရှိခဲ့သည်။

ဖမ်းဆီးခံရသူ ၄၀၆ ဦးရှိပြီး ယင်းအနက် ၁၈၅ဦးမှာ ရခိုင်ပြည်နယ်က ထွက်ခွာလာကြသည့် ရိုဟင်ဂျာလူမျိုးများ ဖြစ်ကြောင်း သတင်းဌာနများတွင် ဖော်ပြချက်များအရ သိရသည်။

ကျန် ၂၂၁ဦးမှာ ထိုင်းနှင့် မလေးရှားနိုင်ငံတို့တွင် တရားမဝင်လာရောက် အလုပ်လုပ်ကိုင်ကြသည့် မြန်မာအလုပ်သမားများ ဖြစ်သည်။

ကရင်ပြည်နယ် ဘုရားသုံးဆူ- ကန်ချနဘူရီလမ်းကြောင်း၊ မြဝတီ-မဲဆောက် လမ်းကြောင်း၊ မလေးရှားနယ်စပ်ရှိ စွန်ခရာခရိုင် ဟတ်ယိုင်လမ်းကြောင်းများသည် တရားမဝင် ဝင်ရောက်မှုကြောင့် ဖမ်းဆီးခံရမှုအများဆုံးဖြစ်သည်ဟု ဆိုသည်။

ဧပြီလအစောပိုင်းတွင် ဆေးလာကုသည့် မြန်မာတော်လှန်ရေးရဲဘော်သုံးဦးကို ထိုင်းလဝက က ဖမ်းဆီးခဲ့ပြီး မြန်မာစစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် BGF ထံသို့ လွှဲပြောင်းပေးခဲ့သည့် ဖြစ်စဉ်လည်း ရှိခဲ့သည်။

ပြီးခဲ့သော မတ်လအတွင်းကလည်း ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်မှုကြောင့် မြန်မာအလုပ်သမား ၅၅၀ ကျော်အထိ ဖမ်းဆီးခံခဲ့ရသေးသည်။

အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်း၌ မလုံခြုံမှုနှင့် အလုပ်အကိုင်ရှားပါးလာကာ စားဝတ်နေရေးကျပ်တည်းမှုကြောင့် ထိုင်းနှင့် မလေးရှားနိုင်ငံအတွင်းသို့ တရားမဝင်လမ်းကြောင်းဖြင့် ငွေကျပ်သိန်းဆယ်ချီကုန်ကျခံကာ သွားရောက်လျက် ရှိကြသည်။

ထိုင်းသို့ တရားမဝင်နည်းလမ်းဖြင့် ဝင်ရောက်ရာတွင် ပွဲစားကို ဘတ် ၂၀၀၀၀ မှ ဘတ် ၅၀၀၀၀ (ကျပ် ၁၆ သိန်းမှ ၄၀ သိန်း) အထိ ပေါက်ဈေးရှိပြီး အဖမ်းခံရလျှင်လည်း ပွဲစားများက တာဝန်ယူခြင်းမရှိကြောင်း ဖမ်းဆီးခံရသော မြန်မာအလုပ်သမားများထံမှ သိရသည်။

“ကျွန်တော်တို့ မလေးကို သွားတုန်းက ရနောင်းမှာမိတာ။ မိလည်းမိရော လာတဲ့ပွဲစားက ဘာမှလိုက်မလုပ်ပေးဘူး။ ကျွန်တော့်အမတွေကပဲ အပြင်ပွဲစားပြန်ရှာ အိမ်ကနေငွေပြန်ချေးပြီး ပြန်ထုတ်ပေးရတာပဲ။ ပြန်လွတ်လာတော့မှ မလေးရှားကို ပြန်ဝင်လာတာ” ဟု ယခင်နှစ်က ဖမ်းဆီးခံရဖူးသည့် မြန်မာအလုပ်သမားတစ်ဦးက ပြောသည်။

ပြီးခဲ့သော မတ်လက ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်စဉ်တွင် ကားပေါ်တွင် အသတ်ခံရမှုအပါအဝင် ကားတိမ်းမှောက်မှုများကြောင့် မြန်မာအလုပ်သမားငါးဦး သေဆုံးခဲ့ပြီး ရှစ်ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။

တရားမဝင်လမ်းကြောင်းမှတစ်ဆင့် ဝင်ရောက်လာစဉ်တွင် လူသေဆုံးမှုများကိုလည်း ကြုံတွေ့နေရသဖြင့် သတိထား သွားလာကြရန်နှင့် ထိုင်းရောက်လာပါကလည်း အထောက်အထားမရှိသေးသောအချိန်တွင် သတိထားနေထိုင်ကြရန် ထိုင်းရောက်မြန်မာအလုပ်သမားများအရေးဆောင်ရွက်သူတို့က တိုက်တွန်းထားသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရိုဟင်ဂျာများသည်လည်း ဒုက္ခသည်စခန်းအတွင်း အခက်အခဲများစွာကြုံတွေ့ရမှုကြောင့် လယ်၊ ယာ၊ မြေများရောင်းကာ မလေးရှားနှင့် တတိယနိုင်ငံများသို့ မိသားစုလိုက် ဝင်ရောက်ရန် ကြိုးစားနေကြ ကြောင်း သတင်းများတွင် ဖော်ပြချက်အရသိရသည်။