ပြည်ကြီးမဏ္ဍိုင်မြို့ပေါ်တွင် ပစ်ခတ်မှုဖြစ်၊ အမျိုးသားတစ်ဦးသေဆုံး

0
2144

ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် ပစ်ခတ်မှုဖြစ်ပြီး မြို့ခံအမျိုးသားတစ်ဦး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ မေလ ၂ ရက် နံနက် ၈နာရီဝန်းကျင်က မဏ္ဍိုင်ရပ်ကွက်အတွင်းသို့ ပြည်သူ့ကာကွယ်ရေးတပ်သားအချို့ ဝင်ရောက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားကြောင်း ဒေသခံများက ပြောသည်။

မဏ္ဍိုင်ရပ်ကွက်တွင် ရဲစခန်းအပါအဝင် ဌာနဆိုင်ရာရုံများရှိကြောင်း မြို့ခံတို့ထံမှ သိရသည်။

“မြို့ထဲဝင်လာပြီးတော့ ပစ်တာ။ ပစ်ခတ်မှု ၁၅ မိနစ်လောက်ကြာတယ်” ဟု မြို့ခံအမျိုးသားတစ်ဦးက ဆိုသည်။

ဘုတ်ပြင်းမြို့နယ်အတွင်း နှစ်ဖက်တိုက်ပွဲများ ဖြစ်လေ့ရှိသော်လည်း မြို့ပေါ်သို့ ဝင်ရောက်ပစ်ခတ်မှု ယခင်က မရှိဖူးကြောင်း ဒေသခံများထံမှ သိရသည်။

နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် လမ်းပေါ်တွင် မြို့ခံအမျိုးသားကြီးတစ်ဦး ကျည်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း မြို့ခံတို့က ပြောဆိုသည်။

သေဆုံးသည့် အမျိုးသားမှာ အသက် ၅၀ ကျော်အရွယ် ဦးကြွယ်သန်းဟုသိရကြောင်း ၎င်းတို့ထံမှ သိရသည်။

အဆိုပါသေဆုံးသူအမျိုးသာကို လာရောက်ပစ်ခတ်ရာမှ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်သည်ဆိုသည့် ဒေသခံအချို့က ပြောဆိုသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

မြို့တွင်းသို့ ဝင်ရောက်တိုက်ခိုက်မှုအား မည်သည့်အဖွဲ့က မည်သည့်အကြောင်းအရင်းကြောင့် လုပ်ဆောင်ခဲ့သည်ကို မသိရသေးပေ။

ပြည်ကြီးမဏ္ဍိုင်မြို့တွင် မဏ္ဍိုင်ရပ်ကွက်နှင့် လေညာရပ်ကွက် အရှေ့အနောက် စုစုပေါင်းသုံးရပ်ကွက်ရှိပြီး အိမ်ခြေတစ်ထောင်နီးပါးရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။