ထားဝယ်ခရိုင်တွင် သုံးရက်အတွင်း အမျိုးသား‌လေးဦးအသတ်ခံရ

0
3036

ထားဝယ်ခရိုင်တွင် ဧပြီလ ၂၈ ရက်မှ ၃၀ ရက်အထိ သုံးရက်အတွင်း လူလေးဦး အသတ်ခံရကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

ထားဝယ်မြို့နယ် ပကာရီကျေးရွာတွင် ဧပြီလ ၂၉ ရက်က ရေဝိုင်းရွာလမ်းဘေးတစ်နေရာတွင် အသက် ၃၀ ကျော် အရွယ် ကိုဇော်ထိုက်ဆိုသည့်အမျိုးသားတစ်ဦး အသတ်ခံရကြောင်း ပကာရီကျေးရွာကဒေသခံအချို့က ပြောသည်။

ပကာရီရွာသား ကိုဇော်ထိုက်မှာ ဝက်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူဖြစ်ပြီး ဧပြီလ ၂၉ ရက် နံနက် ၆ နာရီခန့်က ဝက်စာကျွေးရန် ရေဝိုင်းရွာဘက်ကိုထွက်လာစဉ် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။

ကိုဇော်ထိုက်ကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်သတ်ခဲ့သည်ကိုမူ မသိရသေးပေ။

ဧပြီလ ၂၉ ရက်တွင်ပင် သရက်ချောင်းမြို့နယ် သရက်နှစ်ခွရွာက အသက် ၆၉ နှစ်အရွယ် ဦးထွန်းစိန်ကို နေအိမ်တွင် သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့က လာရောက်ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

ယင်းအပြင် သရက်ချောင်းမြို့နယ် မဲနယ်အိုးရွာက အသက် ၅၀ ကျော်အရွယ် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးစံညွန့်ကို ဧပြီလ ၃၀ ရက်တွင် ပစ်သတ်ခဲ့ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

ဦးထွန်းစိန်နှင့် ဦးစံညွန့်တို့သည် စစ်ကောင်စီလမ်းပြ ပျူစောထီးအဖွဲ့ဝင်ဖြစ်သည်ဟု သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

သို့သော် Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဧပြီလ ၂၇ ရက်တွင် သရက်ချောင်းမြို့နယ် သိမ်ကုန်းရွာက ဦးစိုးကြိုင်၊ ၎င်း၏ညီဖြစ်သူနှင့် တူဖြစ်သူတို့ကို လက်နက်ကိုင်လူတစ်စုက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံအချို့က ပြောသည်။

ဧပြီလ ၂၈ ရက်တွင် ဦးစိုးကြိုင်၏ ညီနှင့် တူဖြစ်သူကို ပြန်လွှတ်ပေးခဲ့ပြီး ဦးစိုးကြိုင်မှာမူ အသတ်ခံလိုက်ရသည်ဟု ဒေသခံအချို့က ပြောဆိုသည်။

ဦးစိုးကြိုင်ကို မည်သည့်အဖွဲ့က မည်သည့်အကြောင်းအရင်းကြောင့် သတ်ဖြတ်ခဲ့သည်ကို မသိရသေးကြောင်း ဒေသခံရွာသားတစ်ဦးက ဆိုသည်။