ကျွန်းစုပျားရည်ဆွမ်းလောင်းပွဲ မနက်ဖြန်ကျင်းပမည်၊ သံဃာတော်များကြွရောက်အလှူခံနိုင်

0
2159

ကျွန်းစုမြို့နယ် ကတ္တလူကျေးရွာအုပ်စု ထိန်ချောင်းကျေးရွာ အောင်တော်မူသာသနာ့ရိပ်သာကျောင်းတွင် ပျားရည်ဆွမ်းလောင်းပွဲကို မေလ ၃ ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ကြောင်း အဆိုပါကျောင်း ဆရာတော် ဦးအိန္ဒောဘာသက မိန့်ကြားသည်။

အဆိုပါ ပျားရည်ဆွမ်းလောင်းပွဲအတွက် မြို့ပေါ်တို့နှင့် နယ်အသီးသီးက သံဃာတော် အပါး ၄၀ ကျော်အား ပင့်ဖိတ်ထားကြောင်း ဆရာတော်က မိန့်သည်။

“ပျားရည်လိုအပ်တဲ့ ဆရာတော် သံဃာတော်တွေလည်း ကြွရောက်ပြီး အလှူခံနိုင်ပါတယ်” ဟု ဆရာတော်က ဆက်လက်မိန့်ကြားသည်။

အဆိုပါ ပျားရည်ဆွမ်းလောင်းလှူပွဲသည် နှစ်စဉ် ကဆုန်လပြည့်နေ့ ရောက်တိုင်းကျင်းပလေ့ရှိသည်။

ယခုနှစ်တွင် ပြုလုပ်မည့် ပျားရည်ဆွမ်းလောင်းပွဲသည် ၆၄ ကြိမ်မြောက် ဖြစ်သည်။

ယခင်နှစ်များက ပြုလုပ်သည့် ပျားရည်ဆွမ်းလောင်းပွဲတွင် သံဃာတော်နှင့် သီလရှင် စုစုပေါင်းအပါးရေ ၂၀၀ မှ ၃၀၀ အထိ ပျားရည်ဆွမ်းအလှူခံလေ့ရှိကြကြောင်း ဆရာတော်က မိန့်ကြားသည်။

အဆိုပါပျားရည်ဆွမ်းလောင်းလှူပွဲတွင် အောင်တော်မူသာသနာ့ရိပ်သာကျောင်းနှင့် ရပ်နီး၊ ရပ်ဝေးတို့မှ ပင့်ဖိတ်ထားသည့် သံဃာတော်များ၊ ပျားရည်ဆွမ်း ကြွရောက်အလှူခံကြသည့် သံဃာတော်များနှင့် သီလရှင်တို့အား ကျေးရွာနေသူတို့က ပျားရည်လောင်းလှူကြခြင်း၊ ဆွမ်းကျွေးတရားတော်နာခြင်းတို့ ပြုလုပ်လေ့ ရှိကြသည်။

ပျားရည်ဆွမ်းလောင်းပွဲအတွက် တောထဲရှိ ပျားအုံတို့မှ ရရှိသည့်ပျားရည်တို့အား ကြိုတင်စုဆောင်းထားခြင်းနှင့် နေအိမ်အနီးအနားတို့တွင် မွေးမြူထားသည့် ပျားအုံတို့မှ ရရှိသည့် ပျားရည်တို့ဖြင့် သံဃာတော်တို့အား လောင်းလှူလေ့ရှိကြကြောင်း ထိန်ချောင်းရွာသားအချို့ထံမှ သိရသည်။

“ရွာဘက်မှာတော့ ပျားမွေးတာတွေများတယ်။ အချို့က‌တော့ ဝယ်ပြီးလောင်းတာတွေလည်း ရှိတယ်။ ပျားရည်ဆွမ်းလောင်းပွဲက အစဉ်အလာတစ်ခုဖြစ်နေပါပြီ” ဟု ထိန်ချောင်းရွာသားတစ်ဦးက ပြောသည်။

အဆိုပါ ပျားရည်ဆွမ်းလောင်းပွဲတွင် ထိန်ချောင်းရွာအပြင် အနီးအနားရှိ ကျေးရွာနေသူတို့ လာရောက်လောင်းလှူလေ့ရှိကြသည်။