ထီးခီးနယ်စပ်ကုန်သွယ်မှု မြင့်တက်ဟု စစ်ကောင်စီထုတ်ပြန် ၊ သဘာဝဓာတ်ငွေ့ကြောင့်ဟု ကုန်သည်အချို့ဆို

0
1977
ပုံစာ - ထီးခီးနယ်စပ်ကုန်သွယ်ရေးစခန်း

တနင်္သာရီတိုင်းအတွင်းရှိ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးစခန်း တစ်ခုဖြစ်သည့် ထီးခီးနယ်စပ်ဂိတ်တွင် ကုန်သွယ်မှုပမာဏ ထိုးတက်လာကြောင်း စစ်ကောင်စီ၏ စီပွား/ကူးသန်းဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။

စစ်တပ် အာဏာမသိမ်းမီ ၂၀၂၀-၂၀၂၁ ဘဏ္ဏာနှစ်နှင့် ယခုဘဏ္ဏာနှစ် ဖေဖော်ဝါရီလအထိစာရင်း နှိုင်းယှဉ်ချက်အရ ထီးခီးနယ်စပ်ဂိတ်၏ ပို့ကုန်ပမာဏမှာ အမေရိကန်ဒေါ်လာ ၆၃၃ သန်းကျော် ပိုလာခြင်းဖြစ်သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဏာနှစ် ပို့ကုန်ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၆၄၆ သန်းကျော်ရှိရာမှ လက်ရှိဘဏ္ဏာနှစ်တွင် ၂၂၇၉ သန်းကျော် ဖြစ်လာသည်။

တနင်္သာရီတိုင်းအတွင်း ထီးခီး၊မောတောင်၊ ကော့သောင်းဟူ၍ ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးစခန်း သုံးခုရှိပြီး မောတောင်နှင့် ကော့သောင်းနယ်စပ် ကုန်သွယ်ရေး စခန်းတို့တွင် ကုန်သွယ်ရေးပမာဏ ကျဆင်းနေသည်။

ယင်းကာလ(၂၀၂၀-၂၀၂၁ ဘဏ္ဏာနှစ်နှင့် ယခုဘဏ္ဏာနှစ် ဖေဖော်ဝါရီလ)အတွင်း ကော့သောင်းနယ်စပ်ဂိတ် ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၈၈ သန်းခန့် ကျဆင်းသွားပြီး မောတောင်နယ်စပ်ကုန်သွယ်ရေးစခန်းမှာ ဒေါ်လာငါးသိန်းကျော် ကျသွားသည်။

ကျန်နယ်စပ်ဂိတ်များ ပို့ကုန်ပမာဏ ကျဆင်းနေသော်လည်း ထီးခီးနယ်စပ်ဂိတ်တွင် ပို့ကုန်ပမာဏတိုးလာခြင်းမှာ သဘာဝဓာတ်ငွေ့ ရောင်းချရာမှာရရှိသည့် ဝင်ငွေကိုထည့်သွင်းထားခြင်းကြောင့် ဖြစ်ကြောင်း နယ်စပ်ကုန်သည်အချို့နှင့် ဌာနဆိုင်ရာအချို့က ပြောဆိုသည်။

မြန်မာ့ကမ်းလွန်ရှိ ရတနာ၊ ရဲတံခွန်နှင့် ဇောတိက လုပ်ကွက်များမှထွက်သည့် သဘာဝဓာတ်ငွေ့ကို ပိုက်လိုင်းသွယ်တန်းပြီး ကံပေါက်ဒေသမှတစ်ဆင့် ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချနေခြင်းဖြစ်သည်။

ထိုင်း-မြန်မာကုန်သွယ်ရေးလုပ်နေသည့် ထားဝယ်အခြေစိုက် စီးပွားရေးလုပ်ငန်းရှင်အချို့၏ အဆိုအရ အာဏာသိမ်းပြီးနောက်ပိုင်း ခုခံတော်လှန်စစ် စတင်ချိန်ကတည်းက ထားဝယ်-ထီးခီးလမ်းပိုင်းကို အသုံးပြု၍မရတော့ကြောင်း သိရသည်။

ထီးခီးနယ်စပ်ဂိတ်မှာ ထိုင်းနိုင်ငံ ကန်ချနာဘူရီခရိုင်နှင့် မြန်မာနိုင်ငံ ထားဝယ်ခရိုင်ကြားတွင်ရှိပြီး စစ်ကောင်စီကို တော်လှန်နေသည့် တော်လှန်ရေးတပ်ဖွဲ့ အများအပြားရှိသလို KNU ထိန်းချုပ်နယ်မြေလည်းဖြစ်သည်။

ထိုကြောင့် ရေထွက်ကုန် အပါအဝင် ကြက်သွန်နီကဲ့သို့ ကုန်ပစ္စည်းများ ထိုင်းဘက်မတင်ပို့နိုင်တော့ဘဲ ရပ်နားထားရကြောင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

“ထီးခီးက သွားလို့တောင်မရတာ။ ဘာဖြစ်လို့ ကုန်သွယ်မှု ထိုးတက်သွားတာလဲ။ အရင်ကတည်းကနေ (ဝင်ငွေ) ပြနေတာကတော့ ဂက်စ်ရောင်းရငွေနဲ့ ပြနေတာလားပေါ့”ဟု ၎င်းက ပြောသည်။

တနင်္သာရီတိုင်း စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးတာဝန် ထမ်းဆောင်ခဲ့သူတစ်ဦးကလည်း ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချ နေသည့် သဘာဝဓာတ်ငွေ့ ရောင်းရငွေမှာ ထီးခီးနယ်စပ်ကုန်သွယ်မှုပမာဏတွင် ပို့ကုန်အနေဖြင့် စာရင်းပြကြောင်း Dawei Watch ကို ပြောဆိုခဲ့ဖူးသည်။

စစ်ကောင်စီ၏ စီးပွား/ကူးသန်းဝန်ကြီးဌာနကမူ ယင်းကုန်သွယ်ရေးစခန်းမှ ကြက်သွန်နီ၊ ရေထွက်ကုန် ၊ ငှက်ပျော၊ ပြောင်း၊ နနွင်းတက်၊ ဆန်မှုန့် စသည့်ပစ္စည်းများ တင်ပို့နေပြီး ထိုင်းနိုင်ငံဘက်မှ သစ်သီးမျိုးစုံ၊ ဒီဇယ်၊ လူသုံးကုန်ပစ္စည်းများ တင်သွင်းနေသည်ဟု ဖော်ပြထားသည်။

ကော့သောင်းနယ်စပ်စခန်းမှ ရေထွက်ပစ္စည်း၊ ဆီအုန်းကြိတ်ဖတ် စသည့်ပစ္စည်းများ အများဆုံးတင်ပို့ပြီး ဘိလပ်မြေ၊ ဓါတ်မြေသြဇာ၊ ဓါတ်ဆီ၊ ဒီဇယ်ဆီ၊ စက်မှုကုန်ကြမ်းပစ္စည်းတင်သွင်းကြောင်း စစ်ကောင်စီ၏ စီးပွား/ကူးသန်းဝန်ကြီးဌာန၏ ဖော်ပြချက်အရ သိရသည်။

မောတောင်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ရေထွက်ကုန်ပစ္စည်း၊ရော်ဘာ စသည့်ကုန်ပစ္စည်းများကို အများဆုံးတင်ပို့ပြီး သစ်သီး၊ဘိလပ်မြေ၊ အိမ်ဆောက်ပစ္စည်းများ တင်သွင်းကြောင်း ဖော်ပြထားသည်။