ပုလော၊ နန်းတောင်ရွာတွင် တိုက်ပွဲဖြစ်နေ

0
2621

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ နန်းတောင်ကျေးရွာတွင် ယနေ့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ ဖေဖော်ဝါရီလ ၁၉ ရက် နံနက်အစောပိုင်းတွင် နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုများဖြစ်နေပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးများဖြင့်လည်း ပစ်ခတ်နေကြောင်း ဒေသခံများက ပြောသည်။

“လက်နက်ကြီးတွေနဲ့ ထုနေတာ အချက်ပေါင်း မနည်းတော့ဘူး” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။

တိုက်ပွဲအခြေအနေကိုမူ Dawei Watch က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

“မနေ့က နန်းတောင်ဖက်ကို စစ်ကြောင်းထိုးတယ်။ ရွာကလူတွေကိုလည်း ပေါ်တာအဖြစ်ခေါ်သွားကြတယ်။ အခုတော့ ပြန်လွတ်လာပါပြီ” ဟု မင်းထိန်ရွာနေ အမျိုးသားတစ်ဦးက ပြောသည်။

နန်းတောင်ကျေးရွာတွင် ၂၀၂၂ ခုနှစ်အတွင်း တိုက်ပွဲများ မကြာခဏဖြစ်ပြီး စစ်ကောင်စီတပ်က နန်းတောင်အပါအဝင် အနီးအနားရွာများသို့ လက်နက်ကြီးဖြင့် မကြာခဏပစ်ခတ်သဖြင့် ရွာသားအများစုမှာ တိမ်းရှောင်နေကြရသည်။

ပြီးခဲ့သည့် ငါးလခန့်ကာလအတွင်း တိုက်ပွဲဖြစ်ပွားခြင်းမျိုး မတွေ့ရတော့ဘဲ ရွာအဝင်ထိပ်ရှိ စစ်ကောင်စီဂိတ်ကိုမူ ပြည်သူ့ကာကွယ်ရေးတပ်များက ဒရုန်းဖြင့်တိုက်ခိုက်ခြင်းများ၊ ချောင်းမြောင်းပစ်ခတ်ခြင်းများ မကြာခဏပြုလုပ်လာ ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ယနေ့တွင် နှစ်ဖက် လက်နက်ငယ်၊ လက်နက်ကြီးများဖြင့် ပစ်ခတ်သံများ တစ်ကျော့ပြန်ကြားရခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

စစ်ကောင်စီတပ်က ပုလောအရှေ့ဖျားဒေသဖြစ်သည့် နန်းတောင်၊ ကျောင်းနိမ့်၊ ဂျက်ဂါ၊ မှော်မိ၊ ပုလောကုန်း စသည့် ကျေးရွာများဖက်သို့ ရိက္ခာသယ်ယူမှု ကန့်သတ်ထားသည်မှာလည်း တစ်နှစ်ကျော်ရှိပြီဖြစ်သည်။