အမှောင်ထဲမှ မင်းသားများ ၁၉၉၀

0
4700

Princes in The Darkness 1990s

အခန်း(၃၆)

စိုင်းနွံ က ဗေဒါ့ကို တစ်ချက်ပြုံးပြလိုက်သည်။

ထို့နောက် ဓါးကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ ဗေဒါ့ အား ဝင်ပိုင်းတော့သည်။

ဗေဒါက အသက်ကို ဝအောင်ရှုလိုက်ပြီး နောက်သို့လှည့်ပြေး၏။ စိုင်းနွံက လိုက်မြဲ။ ဗေဒါက ပြေးဆဲ။

ထို့နောက် နဘေးတွင် နီးကပ်လာသော မြောင်းဘောင်ကို လွှားခနဲ ကျော်သည်။

သို့သော်ဆက်မပြေး။

အရှိန်ဖြင့် မြောင်းကို ခုန်ကျော်လာသည့် စိုင်းနွံကို ဗေဒါ ဖြတ်ကန်ချလိုက်၏။

စိုင်းနွံက မြောင်းထဲ ပြုတ်ကျသွားသည်။

ထိုအချိန်တွင် ကားဘက်ဆီမှ မေယုကြေးမုံ၏ အသံကို ကြားလိုက်ရသဖြင့် ဗေဒါက လှမ်းကြည့်လိုက်၏။

မေယုကြေးမုံနှင့် နောက်လူတစ်ယောက်တို့ သေနတ်တလက်ကို လုနေကြသည်။

ဗေဒါက မြောင်းထဲ ကျနေသော ဓါးကို ဆင်းကောက်လိုက်၏။ သူ့ဘေးတွင် ကုန်းထနေသော စိုင်းနွံကို တချက် ထပ်ကန်ထည့်လိုက်၏။

ထို့နောက် မေယုကြေးမုံ ရှိရာသို့ ပြေးသွားသည်။

အနောက်မှ လိုက်လာသော စိုင်းနွံက အနောက်မှ ခုန်အုပ်လိုက်သဖြင့် ဗေဒါ လဲကျသွား၏။ အကွက်ကျသော တိုက်ခိုက်မှုမို့ ဗေဒါ မှာ ဟန်ချက်ပျက်ကာ လဲကျသွားသည်။

စိုင်းနွံက ဗေဒါ လက်မှ ဓားရှည်ကို အတင်း ဝင်ဖိကာ လုသည်။

မြေပြင်ပေါ်တွင် ဗေဒါနှင့် စိုင်းနွံ လုံးထွေးနေကြ၏။

“ဒိုင်း”

ထိုအချိန်တွင် သေနတ်ကျည်ဆံ တစ်ချက်က သူတို့ အနားမှ..ရွှီးခနဲ ကပ်ဖြတ်သွား၏။

နှစ်ယောက်လုံး လုံးထွေးနေရာမှ ရပ်လိုက်သည်။

“မလှုပ်ကြနဲ့..လှုပ်တာနဲ့ ပစ်မှာ”

သေနတ်ကိုင်ထားသည်က စိုင်းနွံနှင့် အတူပါလာသည့်သူ။ မျက်နှာတွင်စည်းထားသော အဝတ်မရှိတော့။

“ဧရာ”

ကြေးမုံ ပါးစပ်မှ လွှတ်ခနဲ ထွက်သွား၏။

ဧရာဘေးတွင် လျှောက်လာသူက မေယုကြေးမုံ။

အခြေအနေကို ဗေဒါ နားမလည်တော့။ စိုင်းနွံကလည်း ကြောင်ကြည့်နေသည်။

“ဧရာ..ပစ်ချလိုက်..ပစ်ချလိုက်”

စိုင်းနွံက လှမ်းအော်၏။

ဧရာက မပစ်။

“ဟာ..မင်း ဘာကြောင်နေတာလဲ”

စိုင်းနွံက မြေပြင်တွင် ကျနေသာ ဓားကို ကောက်ကာ ဗေဒါ့ကို ခုတ်ရန် အားယူလိုက်သည်။

“ဒိုင်း”

နောက်တချက်။ ကျည်ဆံက ဗေဒါနှင့် စိုင်းနွံကြားမှ ဖြတ်သွားခြင်းပင်။

သေနတ်သံကြောင့် စိုင်းနွံ ၏ ဓားချက်က လွဲသွားသည်။ စိုင်းနွံက နောက်တချက် ဓါးဖြင့် ဆက်ခုတ်သည်။

“ရှင့်လက်က နူ နေတာလားဟယ်…ပေး”

မေယုကြေးမုံ က ဧရာလက်ထဲမှ သေနတ်ကို ဆွဲလုကာ ဒူးကို ကွေးလျက် ပစ္စတိုကို နှစ်ချက်ဆင့် ဆွဲကြလိုက်သည်။

“ဒိုင်း..ဒိုင်း”

စိုင်းနွံ နောက်သို့ လန်ကျသွား၏။

ထိုအခါမှ မြေပေါ်တွင် ဝပ်နေသော ဗေဒါလည်း တအံတဩဖြင့်။

“ကိုဗေဒါ..အချိန်မရှိဘူး…ခင်ဗျားတို့ ဒီကနေ လစ်တော့…သေနတ်သံတွေကြားရင်.ရဲရောက်လာတော့မှာ”

“ဧရာ..မင်းက..”

“လာ…မေယု..ကားပေါ်ရောက်မှာ ရှင်းပြမယ်..သူ့ကို ထားခဲ့”

“ဟ..ထားခဲ့ရင် သူဖမ်းခံရမှာပေါ့”

“ဟုတ်တယ်…လာ…မေယု အစား သူ အဖမ်းခံလိုက်မယ်..ရှင်သာ မြန်မြန်လာ..ဘဲကြီး”

မေယုကြေးမုံက ဗေဒါ့လက်ကို ဆွဲကာ ကားဆီသို့ ခေါ်သွား၏။

ဗေဒါက ဧရာ အား လှည့်ကြည့်လှည့်ကြည့်ဖြင့်။

ဧရာက သွားရန်သာ လက်ပြသည်။

“ဒီကားပေါ်တက်ရမှာ”

မေယုကြေးမုံက စိုင်းနွံနှင့် ဧရာတို့ စီးလာသော ကားတံခါးကို ဆွဲဖွင့်ကာ တက်ထိုင်လိုက်၏။

“ဒီကားမောင်းရမှာလား”

“ဟုတ်တယ်.. မြန်မြန်မောင်းပါ..ဘဲကြီးရဲ့…အချိန်မရှိဘူး..ဉီးခင်မောင်ဆီက ဖုန်းတွေခေါ်ထားလောက်ပြီ”

ဗေဒါက ကားကို အရှိန်ဖြင့် မောင်းလိုက်၏။

“ဧရာက..ဘယ်လိုဖြစ်ပြီး”

“ဘဲကြီးကို ရှော့ဖို့ စိုင်းနွံက လူမိုက်တွေလိုက်ငှားတော့..သူက တမင်လိုက်လာတာတဲ့…စိုင်းနွံကလည်း သူ့လက်စ လက်နကို သဘောကျလို့ ခေါ်လာခဲ့တာတဲ့…တကယ်က ….သူက ဘဲကြီးကို..ကာကွယ်ပေးချင်လို့တဲ့”

“မင်းတို့ သေနတ်လုနေကြတာမဟုတ်ဘူးလား”

“ပထမ သူက ကားထဲကနေ မေယုကို လာဆွဲထုတ်တော့ ရန်ပြုတယ်ထင်လို့ မေယုက ကားဒတ်ချ်ဘုတ်ထဲက ဘဲကြီးသေနတ်ကိုယူပြီးပစ်မလို့လုပ်တာ..သူက အတင်းလုပြီး..တောင်းပန်ရင်း.မျက်နှာဖုံးချွတ်ပြမှ မေယုက သူ့လက်ထဲ သေနတ်ထည့်လိုက်တာ…စိုင်းနွံကိုပစ်တော့ ပစ်တယ်..တချက်မှ မထိဘူးလေ..အဲ့ဒါနဲ့…မေယုလည်း….ဒီဘက်ကို ကွေ့ရမှာ..ဒီဘက်ကို..”

မေယုကြေးမုံအသံကြောင့် ဗေဒါက အရှိန်လွန်သွားမှ ဝိုက်ကွေ့လိုက်သည်။

“အလာတုန်းက မှတ်မထားဘူးလား..ဘဲကြီး”

“ဟ…အလာတုန်းက.မင်းက အဖျားတွေ တဂစ်ဂစ်တက်နေတာ..ငါလည်း ဟိုလူလမ်းပြတဲ့နောက်လိုက်ရတာလေကွာ.လာ..မဟောက်နဲ့”

“ဟောက်မှာပဲ..ဘဲကြီးကြောင့်..မေယု လူသတ်ခဲ့ရတာနော်”

“ဟ”

ဗေဒါ က ကားမောင်နေရင်းမှ မေယုကြေးမုံမျက်နှာကိုပင် လှည့်ကြည့်လိုက်မိသည်။

“မေယု..လူသတ်ခဲ့တာ.ဘဲကြီးကြောင့်”

မေယုကြေးမုံက ခပ်တိုးတိုးရွတ်သည်။

ဗေဒါလည်း ဘာမှ ဆက်မပြောနိုင်တော့။

…………………………………………………………….

ခြံဝင်းအတွင်းသို့ ကားကွေ့ဝင်လိုက်သည့်အခါ ကားနှစ်စီးက အသင့်စောင့်နေသည်ကို တွေ့ရ၏။

“စိတ်မပူပါနဲ့..ဘဲကြီး..အဲ့ဒါ..ဉီးခင်မောင် တပည့်တွေပါ”

မေယုကြေးမုံတို့ ကားပေါ်မှာ ဆင်းသည့်အခါ ရှေ့ဆုံးမှ အသက်(၄၀)ခန့် ပုဂ္ဂိုလ်က ခပ်သွက်သွက်ဖြင့် သူတို့နား လျှောက်လာသည်။

“ငါ့တူမ…မတွေ့တာတောင် ကြာပေါ့”

“ဉီးပသျှူး..စက်လှေအဆင့်သင့်ဖြစ်ပြီလား”

“ဖြစ်ပြီ..ငါတူမ..အခု ဆင်းချင် ဆင်းလို့ရပြီ”

“အနောက်မှာ လူတွေလိုက်နေတယ်..သူ့ကိုလုံလုံခြုံခြုံခေါ်သွားပြီး.အခု ချက်ချင်း ကမ်းကူးလို့ရရင် ကူးချင်တယ်”

“ရတယ်..ငါ့တူမ”

“ဘဲကြီး..ဒါက ဉီးပသျှူးတဲ့…ဘဲကြီးကို ဟိုဘက်ကမ်းထိ ခေါ်သွားပေးမယ့်လူ…သူနဲ့လိုက်သွားတော့”

“မေယု…မင်းက မလိုက်ဘူးလား”

“မေယု လိုက်လို့မရဘူးလေ….ဘဲကြီးရဲ့”

“လိုက်ရမှာပေါ့…မင်း ဟိုမှာ စိုင်းနွံကို သတ်ခဲ့တာမဟုတ်လား..မင်း အဖမ်းခံရမှာပေါ့”

“မပူပါနဲ့…ဧရာ အဖမ်းခံလိမ့်မယ်”

“ဟမ်”

“ဟုတ်တယ်..ကျွန်မရဲ့ စေတနာနဲ့ မေတ္တာကို စော်ကားခဲ့တဲ့အတွက် တောင်းပန်တဲ့အနေနဲ့ ဒီကိစ္စကို သူတာဝန်ယူလိမ့်မယ်”

“ဟ..တကယ်လား”

“တကယ်…ကဲ..ဘဲကြီး.အချိန်မရှိဘူး..လစ်တော့”

“မင်းကရော”

“မားသားကြီးဆီ ချက်ချင်းလိုက်သွားရမယ်…အန္တရာယ်ကောင်ကြီးလည်း လွတ်မြောက်သွားပြီဆိုတော့…‌ မေယုက အေးဆေးပါ”

ဗေဒါက မေယုလက်ကို ဖမ်းဆွဲလိုက်သည်။

“မေယုကြေးမုံ”

“………………”

“လိုက်ခဲ့ပါ”

မေယုကြေးမုံက ခေါင်းခါသည်။

“မေယုမလိုက်တော့ဘူး…ဘဲကြီး….မေယုအကို ကိုဧရာက မေယုအတွက် အဖမ်းခံသွားတာ…သူ့ကို…ဒီမှာ အမှောင်ထဲက ပြန်ဆွဲခေါ်ရဉီးမယ်”

“မေယုက သူ့ကို ခွင့်လွှတ်ပြီပေါ့”

“သူက မေယု အကိုပါ…ဘာသွေးမှ မတော်စပ်ရင်တောင်မှ မေယုအဖေရဲ့ မွေးစားသားမို့.မေယုရဲ့ အကိုပါလို့ပဲ မေယုမှတ်ပါတယ်”

ခဏ အကြာ ဗေဒါ၏ လက်ကိုင်ဖုန်းသို့ မစ္စတာရစ်ကာနေးထံမှ ဖုန်းဝင်လာသည်။

ရနောင်းသို့ မစ္စတာရစ်ကာနေးရောက်ပြီ။

ဗေဒါက မေယုကြေးမုံထံသို့ ပြန်လျှောက်လာ၏။

ထိူ့နောက်…မေယုကြေးမုံလက်ထဲသို့ ဗေဒါက တစ်စုံတစ်ခု ထည့်ပေးလိုက်၏။

ဗေဒါထည့်ပေးလိုက်သော အရာကို မေယုကြေးမုံက ငုံ့ကြည့်လိုက်သည်။

“မင်းက အနာရှိန်ကြောင့်ဖျားတာတဲ့….တစ်နေ့လေးကြိမ် သောက်တဲ့…ဆရာဝန်က ပေးလိုက်တာ..တစ်နေ့လေးကြိမ်နော်..”

ဗေဒါအား ဆရာဝန်မှ ပေးလိုက်သည့်ဆေးများ။

“ပက်တီးကိုလည်း နှစ်ရက်တကြိမ် လဲပေးရမယ်တဲ့”

ဗေဒါက မေယုကြေးမုံ၏ ပုခုံးကို ကိုင်ကာပြောလိုက်၏။

“ကျန်းမာရေးကို ဂရုစိုက်….ဟိုရောက်ရင် ဖုန်းဆက်မယ်”

ဗေဒါ ကားပေါ်သို့ တက်သွားသည်။

မေယု‌ကြေးမုံက တခွန်းမှ ပြန်မပြော။ သူ့အတွက် ပေးထားရစ်သော ဆေးလေး များအား ဆုပ်ကိုင်လျက်။

ကျန်ရစ်။

…………………………………………………………….

၂၀၁၃ ခုနှစ်။ ဇွန်လ။

အမေရိကန်ပြည်ထောင်စု ၊ ဖို့ဒ်ဝိန်းမြို့။

အဝေးပြေးကားလမ်းမပေါ်တွင် ကားတစ်စင်းက အရှိန်ဖြင့် ရွေ့လျားနေ၏။

“မိုးရေစက်တွေလိုပဲ….လေထဲမျောလွင့်ကာ…ငါ့ရဲ့စိတ်တွေလှုပ်ရှား”

လက်ကိုင်ဖုန်းမြည်သံက စိုးလွင်လွင်၏ မာနမျက်နှာသီချင်း။

“ဟဲလို”

“ဂျာနူးပါ..အကို”

ထိုသူ၏ အသံက အံသြတကြီးဖြင့်။ ကားကို လမ်းဘေးသို့ ပင် ထိုးရပ်လိုက်သည်။

“ဂျာနူး..ဂျာနူး…တကယ် ဂျာနူးလား”

“အပါးကြီး ဆုံးသွားပြီ..အကို”

“အပါးကြီး”

“ဟုတ်တယ်..မစ္စတာလုရဲ့ အဖေ..အပါးကြီးလေ”

“………………………………………………..”

တဖက်မှ ဖုန်းသံက ထိုမျှသာ။

“ဂျာနူး..ဂျာနူး..ဂျာနူး”

ဗေဒါက ဖုန်းဖြင့် အထပ်ထပ်ခေါ်ကြည့်သည်။ တစ်ဖက်က ဖုန်းချသွားခဲ့ပြီ။

“ဟန်နီရေ…ဟိုဘက်က ဖုန်းချသွားရင်လည်း…ကားကို မောင်းတော့ကွယ်…ကလေးကျောင်းကြိုဖို့ နောက်ကျနေမယ်”

ဗေဒါ၏ ဘေးနားမှ မစ္စဗေဒါ တစ်ဖြစ်လဲ မစ္စတာရစ်ကာနေး ၏ ဒုတိယသမီး ရေချယ်ကာနေး၏ အင်္ဂလိပ်စကားသံထွက်လာ၏။

“ဆောရီး..ရေချယ်…ဗမာပြည်တုန်းက ကိုယ့်မိတ်ဆွေဟောင်းတစ်​ယောက်ဆီက..ဖုန်းမို့လို့ပါ”

ဗေဒါက ကား စက်ကို ပြန်နှိုးလိုက်ရတော့သည်။

အခုတော့..ငယ်ချစ် ကို ခဏခေါက်ထား။

ကလေးကြိုရဉီးမည်တဲ့။

ခက်ဇော်

အမှောင်ထဲကမင်းသားများ ၁၉၉၀ ပြီးပါပြီ။