ထားဝယ်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ၃၄ ဦးလွတ်မြောက်မည်ဟု ကနဦးသိရ

0
3037

ထားဝယ်အကျဉ်းထောင်တွင် အကျဉ်းကျခံနေရသူများထဲမှ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ဖြင့် ပြစ်ဒဏ်ကျခံနေရသော နိုင်ငံရေး အကျဉ်းသား၊ အကျဉ်းသူ ၃၄ ဦး ယနေ့နံနက်တွင် လွတ်မြောက်မည်ဖြစ်ကြောင်း ကနဦးရရှိသော သတင်းများအရသိရသည်။

လွတ်မြောက်မည့် စာရင်းအရ ၃၆ ဦးရှိသော်လည်း ၂ ဦးမှာလွတ်ရန် မသေချာဖြစ်နေသဖြင့် ၃၄ ဦးသာလွတ်ဖွယ်ရှိပြီး အပြောင်းအလဲအချို့ ရှိနိုင်ကြောင်း သိရှိရသည်။

စာရင်းတွင်ဖော်ပြထားချက်အရ ကျား ၂၄ ဦး နှင့် မ ၁၂ ဦး ပါရှိသော်လည်း ကျား ၂ ဦးမှာ ပြန်လည်စိစစ်နေသဖြင့် လတ်တလော ၃၄ ဦးသာ သေချာသည်ဟု ထပ်မံသိရှိရသည်။

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ ဖြင့် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသား၊ အကျဉ်းသူ ၂၁၅၃ ဦးကို စည်းကမ်းသတ်မှတ်ချက်ဖြင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးမည်ဟု စစ်ကောင်စီက ယနေ့ နံနက်ပိုင်းတွင် ကြေညာထားသည်။

ပုဒ်မ ၄၀၁ အရ လွှတ်ပေးခြင်းဖြစ်ပြီး နောက်တစ်ကြိမ် ထပ်မံ ပြစ်မှုကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျန်ရှိသော ပြစ်ဒဏ်များကို ဆက်လက်ကျခံရမည်ဆိုသော စည်းကမ်းချက်ဖြင့် လွှတ်ပေးခြင်းဖြစ်သည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။