ထားဝယ် ဇဟာရွာအုပ်စု လက်နက်ကြီးဖြင့်ထပ်မံပစ်ခတ်ခံရ၊ ကလေးသုံးဦးဒဏ်ရာရ

0
2628

ထားဝယ်မြို့နယ်၊ ဇဟာကျေးရွာအရှေ့ဘက်ရှိ ကဒွန်းရှောင်ဘက်ပိုင်းကို ယနေ့ မေ ၂ ရက် ညနေပိုင်းက လက်နက်ကြီးကျည်တစ်လုံးကျရောက်ပေါက်ကွဲပြီး ကလေးသုံးဦးကျည်စထိမှန်ဒဏ်ရာရကြောင်း ဒေသခံအချို့က ပြောသည်။

ညနေ ၄နာရီဝန်းကျင်က အိမ်ဝိုင်းတစ်ခုအနီး ကလေးများ စုဖွဲ့ကစားနေစဉ် ကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

လက်နက်ကြီးကျရောက်ပေါက်ကွဲသောကြောင့် အသက် ၈ နှစ်အရွယ် ယောင်္ကျားလေးတစ်ဦး၊ အသက် ၆နှစ်အရွယ် နှင့် အသက် ၁၀နှစ်အရွယ် မိန်းကလေးနှစ်ဦးတို့ ဒဏ်ရာရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“အဲဒီသုံးယောက်ထဲက မိန်းကလေးတစ်ဦးကတော့ နားထဲက သွေးထွက်နေတာမျိုးတွေ့ရတယ်။ ကျန်နှစ်ဦးကတော့ ခန္ဒာကိုယ်အနှံ့ အစ စင်တာမျိုးတွေ့ရတယ်” ဟု ၎င်းဒေသခံက ပြောဆိုသည်။

ဒဏ်ရာရရှိခဲ့သည့် ကလေးငယ်များကို အရေးပေါ်ကားဖြင့် ထားဝယ်ဘက်သို့ တင်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။

လက်နက်ကြီးသည် စစ်ကောင်စီ အမှတ် (၃၀၂) အမြှောက်တပ်ရင်းရှိသည့် ကျေးရွာအရှေ့ဘက်က ပစ်ခတ်သံကြားရခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောဆိုသည်။

သို့သော် မည်သည့်အဖွဲ့က မည်သည့်အကြောင်းအရင်းကြောင့် လက်နက်ကြီးဖြင့် ပစ်ခတ်သည်ကို သေသေချာချာ မသိရသေးကြောင်း ဒေသခံအချို့က ဆိုသည်။

“ဒီနေ့က (လက်နက်ကြီးပစ်ခတ်သံ) ခြောက်ချက်နီးပါလောက်ရှိတယ် အသံကြားရတာ။ တိုက်ပွဲဖြစ်တာလား ဆိုတာတော့ မပြောတတ်သေးဘူး” ဟု အခြားဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် မတ်လ ၂၄ ရက်နေ့က အမှတ် (၃၀၂) အမြှောက်တပ်ရင်းကို ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့က လာရောက်ပစ်ခတ်ခဲ့ကြောင်း ထားဝယ်ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့-DGRF (ထားဝယ်-ပကဖ) အဖွဲ့က ထုတ်ပြန်ထားသည်။

ယင်းတိုက်ခိုက်မှုတွင်လည်း လက်နက်ကြီးဖြင့် ပစ်ခတ်ခံရသဖြင့် ကဒွန်းရှောင်ဘက်ပိုင်းရှိ အိမ်ဝိုင်းတစ်ခုထဲ လက်နက်ကြီး နှစ်လုံးကျရောက်ပေါက်ကွဲခဲ့သည့်အတွက် နေအိမ်ပရိဘောဂအသုံးဆောင်အချို့ ပျက်စီးခဲ့သေးသည်။