မဲဆောက်တွင် မြန်မာလူငယ်နှစ်ဦး သေနတ်နှစ်လက်နှင့်အတူ ဖမ်းဆီးခံရ

0
2053

ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင် မဲဆောက်မြို့အနီးရှိ မဲဆောက်-အူဖန်း ကားလမ်းမပေါ်တွင် ဆိုင်ကယ်စီးလာသော မြန်မာလူငယ်နှစ်ဦးကို သေနတ် နှစ်လက်နှင့်အတူ ဖမ်းဆီးခံရကြောင်း မြန်မာတော်လှန်ရေးအင်အားစုများနှင့် ထိုင်းသတင်းဌာနများတွင် ဖော်ပြချက်အရသိရသည်။

မေလ ၁ ရက်နေ့က ဆိုင်ကယ်စီးလာသည့် လူငယ်နှစ်ဦးကို မသင်္ကာသဖြင့် မဲဆောက်နယ်မြေခံရဲတပ်ဖွဲ့က လိုက်လံစစ်ဆေးခဲ့ရာမှ ဖမ်းဆီးရမိခြင်းဖြစ်သည်ဟုဆိုသည်။

မြန်မာလူငယ်နှစ်ဦးသည် ဆိုင်ကယ်တစ်စီးတည်း အတူစီးလာခြင်းဖြစ်ပြီး နောက်ကလိုက်ပါစီးနင်းသူသည် သေနတ် နှစ်လက်ကို ဓာတ်မြေဩဇာအိတ်နှင့်ထည့်ကာကိုင်ဆောင်လာခြင်းဖြစ်ကြောင်း သတင်းများတွင် ရေးသားသည်။

ဖမ်းဆီးခံရသော လူငယ်နှစ်ဦးသည် အသက် ၂၀ နှစ်နှင့် အသက် ၂၅ နှစ်အရွယ်များဖြစ်ကြပြီး ၎င်းတို့နှစ်ဦးသည် မြန်မာစစ်ကောင်စီကို တော်လှန်နေသော ကရင်လက်နက်ကိုင်အဖွဲ့အစည်းနှင့် သက်ဆိုင်နေကြောင်း ဖော်ပြသည်။

လက်နက်ကိုင်အဖွဲ့အစည်းအမည်ကို သတင်းများတွင် ဖော်ပြထားခြင်း မရှိပေ။

မဲဆောက်ရှိ မြန်မာ့အရေးလှုပ်ရှားသူအချို့ကမူ ဖမ်းဆီးခံရသော မြန်မာလူငယ်နှစ်ဦးမှာ တော်လှန်ရေး အင်အားစုများထဲက မဟုတ်ဘဲ လက်နက်များကို ပို့ဆောင်ပေးနေသူများသာဖြစ်ကြောင်း ပြောဆိုသည်။

“သေနတ် နှစ်လက်မိတာ။ တစ်လက်ကို (ဘတ်) ခုနစ်သိန်းကျော်တယ်။ သူတို့တွေက ပို့ခယူပီးတော့ သွားပို့ပေးတာ။ အဲဒါ လမ်းမှာ မိသွားတာ” ဟု မဲဆောက်ရှိ တော်လှန်ရေးလှုပ်ရှားသူတစ်ဦးက ပြောသည်။

၎င်းတို့နှစ်ဦးသည် မြန်မာဘက်ခြမ်းတွင် အသုံးပြုရန် လက်နက်များ သယ်ဆောင်လာခြင်းဖြစ်ပြီး သိမ်းဆည်းရမိသော လက်နက်များမှာ AK 47 မောင်းပြန်ရိုင်ဖယ်သေနတ်၊ MK 12 ပြောင်းရှည်သေနတ်တစ်လက်တို့နှင့်အတူ ကျည်ဘောက်များ ပါဝင်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။

အဆိုပါလူငယ်နှစ်ဦးကို တရားမဝင် လက်နက်သယ်ဆောင်မှု၊ တရားမဝင် ခိုးဝင်မှုများဖြင့် တရားစွဲသွားမည် ဖြစ်ကြောင်း မဲဆောက်ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

လူငယ်နှစ်ဦးကို ဖမ်းဆီးနိုင်ခဲ့သော ရဲတပ်ဖွဲ့များကို ဝန်ထမ်းကောင်းဆုများ ပေးအပ်ခဲ့ပြီး ထိုင်း-မြန်မာနယ်စပ် တစ်လျှောက် လက်နက်ကိုင်များ၏ လှုပ်ရှားမှုများကို အချိန်ပြည့်စောင့်ကြည့်သွားမည်ဖြစ်ကြောင်း မဲဆောက်ရဲမှူးက ပြောဆိုကြောင်း သတင်းများတွင် ဖော်ပြထားသည်။

Ref: Page 3 News, Nation TV