ဝမ်းရေးအတွက် အပူဒဏ်အံတုကြသူများ

0
1990

ရာသီဥတုဖောက်ပြန်မှုနှင့်အတူ ယခုနှစ်နွေရာသီမှာ စံချိန်တင်ပူပြင်းလှသော်လည်း ဝမ်းရေးအတွက် အပူဒဏ်ကို မမှုနိုင်ကြဘဲ နွေနေပူကျဲကျဲထဲ အပူဒဏ်အံတုကြရသူ အများအပြားရှိနေသည်။

အထူးသဖြင့် အခြေခံလူတန်းစားများမှာ ရှာဖွေစုဆောင်းထားသည်များမရှိသဖြင့် နေပူသော်လည်း ဝမ်းစာအတွက် ရှာဖွေနေကြရခြင်းဖြစ်သည်။

စစ်တပ်အာဏာသိမ်းမှုနှင့်အတူ အထွေထွေကုန်စျေးနှုန်းကြီးမြင့်မှုနှင့် အလုပ်အကိုင်ရှားပါးမှုကြောင့် အခြေခံလူတန်းစားများမှာ ရွေးချယ်စရာအလုပ်မရှိ ရရာအလုပ်ကို နေပူမိုးရွာမရှောင် လုပ်ကြရသည်။

ပြင်းထန်လှသည့် နေ့အပူရှိန်ကြောင့် ကြွက်တက်ခြင်း ၊ မောပန်းနွမ်းနယ်ခြင်း ၊ ‌အပူကြောင့် သတိလစ်ခြင်း စသောအခြေနေများမှသည့် အသက်အန္တရာယ်ကျရောက်သည်အထိ ဖြစ်နိုင်ပေသည်။

သို့သော် အခြေခံလူတန်းစား အများစုကတော့ အသက်အန္တရာယ်ကို ဂရုမပြုအား ဝမ်းရေးအတွက်သာ အဓိကထားနေကြရသည်။

ယင်းအခြေအနေများကို သိရှိနိုင်ရန်အတွက် ယခုအပတ် တနင်္သာရီပုံရိပ်အစီအစဉ်တွင် မေးမြန်းဖော်ပြလိုက်ပါသည်။

“နေအရမ်းပူရင်တော့ ခေါင်းမူးတယ်………. သက်သာပြီဆိုပြန်လုပ်တာပေါ့”

ထားဝယ်မြို့ အုတ်လုပ်ငန်းခွင်မှ အလုပ်သမတစ်ဦး

DW ။ အုတ်ဖိုမှာ အလုပ်လုပ်တာ တစ်နေ့ဘယ်လောက်ရလဲ။

ဖြေ ။ ကျွန်မတို့ကနေ့စားမဟုတ်ဘူး။ ပုတ်ပြတ်ယူတာ။ ပြီးရင်နား။ ဘယ်အချိန်ပဲပြီးပြီးပေါ့။ အုတ်တစ်သိန်းဆိုရင် (ငွေ) တစ်သိန်းရတယ်။ အားလုံးပြန်ခွဲရင်တော့ (ကျပ်) တစ်သိန်းစီ နှစ်သိန်းစီရကြတာပေါ့။

DW ။ အလုပ်ချိန်ကရော။

ဖြေ ။ မနက်ဆို ၇ နာရီစလုပ်တယ်။ ဆယ်နာရီခွဲအထိ။ ပြီးရင် (‌မွန်းလွဲ) နှစ်နာထိုးပြန်ထွက်တယ်။ (ညနေ) ၅ နာရီအထိ။နေအရမ်းပူလို့မလုပ်နိုင်ဘူး။

DW ။ နေပူကြီးထဲမှာ နေ့တိုင်းအလုပ်သွားတာလား။

ဖြေ ။ နေ့တိုင်းတော့မလုပ်နိုင်ဘူး။ သုံးရက်လောက်ဆက်တိုက်လုပ်ပြီးရင် တစ်ရက်တစ်လေနားတယ်။ အခုက နေကပိုပူလာလို့ လုပ်တဲ့သူသိပ်မရှိတော့ဘူး။ နေပူတာမခံနိုင်ကြဘူးပေါ့။ အခုဆို ထားဝယ်မှာနေပူရှိန်က ပိုပြီးပြင်းလာဖို့ရှိသေးတယ်။ ညနေက တီ‌ဗီထဲမှာ ကြေညာနေတာတွေ့တယ်။

DW ။ အစ်မတို့ကရော နေပူကြီးထဲ ဘာဖြစ်လို့အလုပ်ဆက်လုပ်နေရတာလဲဆိုတာ ပြောပြပါလား။

ဖြေ ။ ဒီမှာလုပ်တာကနဲနဲအဆင်ပြေတယ်။ ကျွန်မယောကျ်ား အုတ်သယ်ကားနောက်လိုက်တော့ တစ်နေ့ တစ်သောင်းနှစ်ထောင်(ကျပ်) ရတယ်။ ကျွန်မက ပုတ်ပြတ်လုပ်ရင် ပိုက်ဆံတစ်ခါရှင်းရင် နှစ်သိန်း သုံးသိန်း(ကျပ်) အဲလိုရတယ်လေ။ နေပူလည်း ဂရုမစိုက်နိုင်တော့ဘူးပေါ့နော်။ အဆင်ပြေနေတာဆိုတော့။ ကျွန်မတို့လည်း သူများတွေလိုမျိုးပဲ နားချင်တာပေါ့။ နေပူကြီးထဲဘယ်လုပ်ချင်မှာလဲ။ ဒါပေမဲ့ စားဝတ်နေရေးကရှိသေးတယ်လေ။ အခုဆို ဆန်ဈေးတွေ အရမ်းဈေးကြီးနေပြီ။ မနေ့က ဆန်သွားဝယ်တာ (တစ်အိတ်) သုံးသောင်းကျော်နေပြီ။ နောက်ထပ်တက်လာဖို့ ရှိသေးတယ်တဲ့။ အဲတော့ နေပူလို့ဆိုပြီး သူများတွေလို နားနေလို့မရဘူးလေ။ ဒီလိုပဲ ဦးထုပ်တွေနဲ့ နေပူသက်သာအောင်လုပ်ပြီး လုပ်နေရတာပေါ့။ ချွေးထွက်လာရင် နေပူသက်သာသွားတာပဲ‌။

DW ။ ‌ကျန်းမာရေးထိခိုက်တာမျိူးဖြစ်ဖူးလား။

ဖြေ ။ ကြီးကြီးမားမားတော့ သူများတွေလိုမဖြစ်ဖူးဘူး။ နေအရမ်းပူရင်တော့ ခေါင်းမူးတယ်။ အဲလိုဆိုခဏနားလိုက်တာပေါ့။ သက်သာပြီဆိုပြန်လုပ်တာပေါ့။ အိမ်ပြန်ရင်တော့ သတိထားနေရတယ်။ နေပူထဲကပြန်လာပြီး ရေတန်းချိုးတာတွေ မလုပ်ရဲဘူး။ အပူမိမှာစိုးလို့ပေါ့နော်။

DW ။ အလုပ်အတူတူလုပ်တဲ့သူတွေထဲမှာရော‌နေပူလို့ ကျန်းမာရေးထိခိုက်တာတွေရှိလား။

ဖြေ ။ လူကြီးပိုင်းတွေတော့ တစ်ခါတလေရှိတယ်။ ခေါင်းမူတာ။ ခေါင်းမူးပြီး အိမ်ပြန်သွားရတာတွေတော့ တစ်ခါတလေရှိဖူးတယ်။ ချွေးထွက်များလို့ ဖြစ်တာ။

DW ။ နေပူထဲမှာ အလုပ်လုပ်နေရတဲ့အပေါ် စိတ်ထဲမှာ ဘယ်လိုခံစားရလဲ။ ဘာပြောချင်တာရှိလဲ။

ဖြေ ။ နေအရမ်းပူတာတော့အမှန်ပဲ။ ဒါပေမဲ့ အလုပ်ပြီး အိမ်ရောက်ရင်တော့ အမောပြေသွားတယ်။ ကလေးတွေက လာစောင့်နေတာ အိမ်ရှေ့မှာ။ မုန့်လေးကျွေးလိုက်ရင်‌ သူတိုပျော်ကြတယ်လေ။ သူတို့ကိုကြည့်ပြီး အမောဖြေနေရတာပေါ့။

‌DW ။ ကျေးဇူးတင်ပါတယ်။

“အရှင်လတ်လတ် ငရဲကျနေသလိုမျိုးကို ခံစားရတာ”

ပန်းရန်ဆရာတစ်ဦး

DW ။ ပန်းရန်လုပ်တာ တစ်နေ့ဘယ်လောက်ရလဲ။

ဖြေ ။ တစ်သောင်း၊ တစ်သောင်းကျော်ကျော်ပေါ့။

DW ။ အခုနေအရမ်းပူနေတဲ့အချိန်ဆိုတော့လေ။ အလုပ်လုပ်ရတာအဆင်ပြေရဲ့လား။

ဖြေ ။ နေပူတာတော့ အရမ်းကိုပူတယ်။ စားရက်စရာတောင်မရှိဘူး။ အလုပ်လုပ်နေရတာက။ ငါတို့ပန်းရန်အလုပ် ဆိုတာကလည်းကွာ။ တစ်နေကုန် နေပူကြီးထဲမှာလုပ် (အိမ်) ခေါင်မိုးမိုးပြီးလို့ အရိပ်ရတယ်ဆိုတာနဲ့ တစ်ခြားအိမ်ပြောင်းရပြန်ပြီလေ။ အခုနေပူတဲ့ပုံစံကလည်း တစ်မျိုးကြီးပဲ။ ပူလည်းပူတယ် စပ်လည်စပ်တယ် ပူပူလောင်လောင်ကြီးပုံစံမျိုးပဲ။

DW ။ ‌အရမ်းပူပြင်းနေတဲ့အချိန်မှာ အလုပ်လုပ်နေရတာနဲ့ပတ်သက်ပြီး ဘာတွေအခက်အခဲရှိလဲ။

ဖြေ ။ ဘာအခက်အခဲရှိလဲဆိုတော့ နေ့တိုင်းအလုပ်မလာနိုင်တော့ဘူးပေါ့။ မလာနိုင်ရင် မလာတဲ့နေ့ ပိုက်ဆံမရတော့ဘူးလေ။ ကလေးတွေ( လူငယ်တွေ)ဆို ပိုဆိုးတာပေါ့။ အလုပ်သိပ်မလာကြတော့ဘူး။ လူမစုံရင် အလုပ်လုပ်ရတာ ပိုပင်ပန်းတယ်။ အလုပ်လည်းမပြီးနိုင်တော့ဘူး။ နားနားပြီးလုပ်နေရတာကိုး။ တစ်ခြားမှာ လက်ခံထားတာတွေလည်းရှိတော့ မျက်နှာပျက်ရတာတွေရှိတာပေါ့။ ဒါပေမဲ့ သူတို့ကိုလည်း အပြစ်သွားပြောလို့မရဘူး။ အခုချိန်မှာက အလုပ်သမားက ငှားမရဘူးလေ။ ဒီလိုပဲချော့မော့ခိုင်းနေရတာပေါ့။ တစ်ပတ်မှာ သုံးလေးရက်လောက် လာရင်ကိုပဲရပြီလို့ သဘောထားနေရတာပေါ့။

DW ။ ကျန်းမာရေးထိခိုက်တာမျိုးတွေရောရှိလား။

ဖြေ ။ သူများတွေတော့မသိဘူး။ ငါတော့ဆေးသွင်းရတဲ့အထိဖြစ်သွားတယ်။ နေပူရင်ချွေးအရမ်းထွက်တယ်လေ။ ချွေးထွက်များတော့ အားအင်ကုန်ခန်းပြီး အားပြတ်သွားတာနေမှာပေါ့။ အဲတုန်းက တစ်ပတ်နားလိုက်ရတယ်။ နေမကောင်းဖြစ်ရင်တော့ ကိုယ်ပင်ပင်ပန်းပန်း လုပ်ထားတဲ့အထဲ ဖဲ့ပါသွားတာပြန်တာပေါ့ကွာ။ မလုပ်ပဲလည်းမရပြန်ဘူးလေ။ နေပူလို့ဆိုပြီး နားနေရင် ကိုယ်ပဲငတ်မှာ။ ဟုတ်တယ်မလား။

DW ။ ဒီနှစ်နွေရာသီ ပိုပူတယ်လို့ခံစားရလား။

ဖြေ ။ ပိုပူတာပေါ့။ ဘာလို့လဲဆိုတော့ ရေတွင်းတွေခမ်းနေကြတာပဲကြည့်လေ။ အရင်က ငါ့တိုဆီမှာ ရေတွင်းခန်းတယ်ဆိုတာ မရှိဘူး။ အခုခန်းနေလို့ ထပ်တူးထားရတယ်။

DW ။ ‌နေပူထဲမှာ အလုပ်လုပ်နေရတဲ့ စိတ်ခံစားမှုတစ်ခုခုပြောပြပါလား။

ဖြေ ။ စိတ်ခံစားမှုကတော့ကွာ သားသမီးတွေကြီးလာရင် ငါ့လိုမျိုးမဖြစ်ခိုင်းစေချင်ဘူး။ အရိပ်ထဲမှာပဲ ဘောပင်ကိုင်ပြီး လုပ်ရတဲ့အလုပ်မျိူးပဲ ရစေချင်တယ်။ နဖူးကချွေးခြေမကျအောင် ရှာစားရတဲ့ အလုပ်မျိူးနဲ့ မမြင်ချင်ဘူး။ ငါလိုမျိုး နေပူထဲမှာ အလုပ်လုပ်တယ်ဆိုတာ အရှင်လတ်လတ် ငရဲကျနေသလိုမျိုးကို ခံစားရတာ။

DW ။ ကျေးဇူးတင်ပါတယ်။

“ပူတာမှ တစ်ကိုယ်လုံး ချွေးတွေနဲ့ ရေချိုးထားသလို ရွှဲစိုနေတာ၊ မခံနိုင်ဘူး”

မြိတ်မြို့က အသက် ၄၀ အရွယ် ပန်းရန်လုပ်သူတစ်ဦး

(ကမ်းဝေးဝါးတန်းငါးဖမ်းလှေ လုပ်သားတစ်ဦးဖြစ်ပြီး ကမ်းဝေးလှေနားချိန်တွင် မိသားစုစားဝတ်နေရေးအတွက် ပန်းရန်လုပ်ငန်းသို့ ယာယီဝင်ရောက်လုပ်ကိုင်နေသူ ဖြစ်သည်)

DW ။ ကမ်းဝေးလှေ နားချိန်ဆိုရင် ဘာအလုပ်တွေ လုပ်လေ့ရှိပါသလဲ။

ဖြေ ။ နှစ်တိုင်းလှေနားတဲ့အချိန်ဆိုရင် ကြုံရာ ကျပန်းအလုပ်လေးတွေတော့ လုပ်လေ့ရှိတယ်၊ ဥပမာ ပန်းရန်တို့လက်သမား(ဗိသုကာ)တို့ပေါ့၊ ဂဏန်းဖမ်းတာတွေလည်းလုပ်တယ်၊ တစ်ခါတစ်လေ ဘော်ဒါတွေ အခေါ်ကောင်းလို့ ညဘက်မှာလုပ်တဲ့ ခရုအိုးစုတ်ကောက်တာ၊ ဂဏန်းချေးပုံးဖမ်းတာတွေလည်း လုပ်တယ်၊ လုပ်တာက အစုံပါပဲ၊ တစ်ခုမရ အဆင်ပြေတဲ့ဟာတစ်ခု လုပ်ရတာပေါ့။

DW ။ ဒီနှစ်မှာရော ဘာအလုပ်လုပ်နေတာလဲ။

ဖြေ ။ လှေနားပြီးတာနဲ့ ချက်ချင်း ဂဏန်းဖမ်းတဲ့အလုပ် လုပ်လိုက်တယ်၊ ဒီအလုပ်က လုပ်နေကျအလုပ်မို့ ကြိုက်တဲ့အချိန် ထလုပ်လို့ရတာပေါ့၊ ဒါ‌ပေမဲ့ ဂဏန်းသိပ်မမိဘူး၊ နေ့တွက်မကိုက်တော့ ခဏပဲလုပ်ဖြစ်တယ်၊ ခဏပဲပေါ့ အခုအသိတစ်ယောက်က ချိတ်ပေးလို့ ပန်းရန်လုပ်နေတယ်၊ ရက်ပိုင်းပဲ ရှိသေးတယ်။

DW ။ ပန်းရန်အလုပ်ကရော နေ့တွက်ကိုက်ရဲ့လား။

ဖြေ ။ ပန်းရန်က အရင်နှစ်တွေတုန်းကလည်း လုပ်ဖူးတယ်။ ပန်းရန်ဆရာကလည်း ဒီဆရာပဲဆိုတော့ အဆင်ပြေပါတယ်။ တစ်နေ့ကို ရှစ်‌ထောင်နဲ့ တစ်သောင်းအကြားတော့ ပေးတယ်။ အချို့ အမြဲလုပ်နေတဲ့သူတွေဆို တစ်သောင်းကျော်အထိတော့ ရကြတယ်။

DW ။ အပူရှိန်ပြင်းတဲ့ နေရောက်အောက်မှာ အလုပ်လုပ်တာဆိုတော့ ဘယ်လိုကာကွယ်မှုနဲ့ အလုပ်လုပ်တာလဲ။

ဖြေ ။ ဒီနှစ်က နေတအားပြင်းတယ်၊ မှန်တယ်၊ ‌ပြင်းလွန်းလို့ အိမ်ထဲမှာ‌တောင် မနေနိုင်ကြဘူး၊ အပြင်ကလူဆို ပိုဆိုးပေါ့၊ အလုပ်ထဲမှာတော့ အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်၊ ဦးထုတ်ကောင်းကောင်းတစ်လုံးနဲ့ လုပ်ရတာပဲ။

DW ။ ဒီလို ကာကွယ်တာက ပူပြင်းတဲ့ဒဏ်ကို ခံနိုင်ရဲ့လား။

ဖြေ ။ မရဘူးဗျ၊ ပူတာမှ တစ်ကိုယ်လုံး ချွေးတွေနဲ့ ရေချိုးထားသလို ရွှဲစိုနေတာ၊ မခံနိုင်ဘူး၊ မခံနိုင်လည်း လုပ်ရတာပဲ၊ ဒီလိုပဲလုပ်လိုက် ခဏနားလိုက် အရိပ်ထဲခဏပြေးဝင်လိုက် ရေတစ်ခါသောက်လိုက်နဲ့ လုပ်နေရတာပဲ။

DW ။ အလုပ်ထဲမှာ အပူရှိန်ပြင်းလွန်းလို့ အပူရှပ်(အပူကြောင့် သတိလစ်ခြင်း)တာတွေမျိုး ကြုံဖူးလား။

‌ဖြေ ။ အလုပ်ထဲမှာက လောလောဆယ် မရှိဘူး၊ အရပ်ထဲကတစ်ယောက်ကတော့ နေ့ခင်းဘက်ကြီး အရက်သောက်ပြီး နေပူထဲလျှောက်သွားလို့ အပူရှပ်လို့ ဆေးရုံပို့လိုက်ရတာမျိုး ကြားရတယ်။

DW ။ ပူပြင်းတဲ့နေရောင်အောက်မှာ အလုပ်လုပ်တာဆိုတော့ အပူအန္တရာယ်နဲ့ပတ်သက်ပြီး ဘာတွေသိထားမျိုးရှိမလဲ။

ဖြေ ။ သေချာမသိဘူး၊ နေပြင်းရင် နေရောင်အောက်သွားရင် ထီးဆောင်းတာ၊ အင်္ကျီလက်ရှည်တို့ ဝတ်ရတာလောက်ပဲ သိတယ်။

DW ။ အခြားဖြည့်စွက်ပြောချင်တာများ ရှိပါသလား။

‌ဖြေ ။ နေဘယ်လောက်ပြင်းပြင်း၊ မိုးဘယ်လောက်ရွာရွာ တစ်နေ့လုပ်တစ်နေ့စားသမားအဖို့က ရှောင်လို့မရဘူး၊ မလုပ်နိုင်ရင် ငတ်ဖို့ပြင်ပေတော့၊ ကုန်ဈေးနှုန်းက ကြီးရတဲ့အထဲ ထပ်ပြီးတော့ ပူတာကို အံ့တုပြီး လုပ်ရတာပဲ၊ ဝမ်းစာရေး မိသားစုအရေးက ရှိသေးတာကိုး။