ကားအနောက်ဘက်တွင် ပုန်းခိုလိုက်လာသည့် မြန်မာလုပ်သား ၂၅ဦး ထိုင်းတွင် ဖမ်းဆီးခံရ

0
2023

ထိုင်းနိုင်ငံတောင်ပိုင်း ဖတ်ထလူခရိုင် ပါဘွန်ဒေသတွင် ပစ်ကပ်ကားအနောက်ဘက်၌ အိတ်နှင့် ပလက်စတစ်ပိုင်းများအောက် ပုန်းခိုလိုက်ပါလာသည့် မြန်မာအလုပ်သမား ၂၅ ဦးကို ဧပြီလ ၂၅ ရက်နေ့တွင် ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ထိုင်းနိုင်ငံအလယ်ပိုင်းမှတစ်ဆင့် မြန်မာအလုပ်သမားများကို တရားမဝင် သယ်ဆောင်လာကြောင်း သတင်းပေး တိုင်ကြားချက်ကြောင့် ဖတ်ထလူ-ဟတ်ယိုင် အာရှလမ်းမကြီးအတိုင်းမောင်းနှင်လာသော အဆိုပါပစ်ကပ်ကားကို တားဆီးစစ်ဆေးခဲ့သည်ဟုဆိုသည်။

ကား၏ အနောက်ဘက် လေးထောင့်ပုံအခန်းကျဉ်းအတွင်း ရပ်၍လိုက်ပါလာသော အသက် ၈ နှစ်မှ ၁၇ နှစ်အတွင်း ရှိသည့် ကလေးငယ် ၁၅ ဦးအပါအဝင် မြန်မာအလုပ်သမား ၂၅ ဦးကို ဖမ်းမိခဲ့ပြီး ထိုင်းနိုင်ငံသား ကားသမားကိုလည်း ဖမ်းမိကြောင်း ရေးသားထားသည်။

ပစ်ကပ်ကားသည် အနောက်ဘက်ကို အုန်းဆံမျှင်အိတ်များဖြင့် အပေါ်နှင့် ဘေးတို့ကို ပတ်ပတ်လည် စီထားကာ အလယ်တွင် မြန်မာအလုပ်သမားများ ရပ်တန့်နိုင်ရန် လေးထောက်ပုံစံ အခန်းကျည်းကို ပြုလုပ်ထားသည်ဟု ဆိုသည်။

ကားသမားက မြန်မာအလုပ်သမားများကို ဘန်ကောက်မြို့ ပတူနမ်မှတစ်ဆင့် သယ်ဆောင်လာခဲ့ပြီး စွန်ခရာခရိုင် ဟတ်ယိုင်သို့ ပို့ဆောင်ပေးရမည်ဖြစ်ရာ အဆိုပါခရီးစဉ်အတွက် ဘတ် ၂၀၀၀၀ ဖြင့် ပွဲစားတစ်ဦးက ငှားရမ်းခဲ့ခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့ထံ ထွက်ဆိုကြောင်း ဖော်ပြသည်။

ဖမ်းဆီးခံရသော မြန်မာအလုပ်သမားများနှင့် ကားသမားကို ဥပဒေအရ ဆက်လက်အရေးယူဆောင်ရွက်နိုင်ရန် ပါဘွန်ရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ရေးသားထားသည်။

ပြီးခဲ့သော ဧပြီလ ၂၃ ရက်နေ့ကလည်း တာခ့်ခရိုင် မဲဆောက်မြို့အထွက် စစ်ဆေးရေးဂိတ်တစ်ခုတွင် သခွားသီးတင်ကားထဲ ပုန်းခိုလိုက်ပါလာသည့် မြန်မာအလုပ်သမား ၁၃ဦး ဖမ်းဆီးခံခဲ့ရသည်။

Ref: MGR Online, CH 7 News HD