ပုလောတွင် ခရီးသွားပြည်သူနှစ်ဦးပစ်ခတ်ခံရပြီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

0
2511

မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် ခရီးသွားပြည်သူနှစ်ဦး ပစ်ခတ်ခံရပြီး နောက်ထပ်သားအဖနှစ်ဦး ဖမ်းဆီးခံရကြောင်း ဒေသခံများ ထံမှသိရသည်။

ဧပြီလ ၂၅ ရက် ညနေက ခရီးသွားပြည်သူ အမျိုးသားနှစ်ဦး မင်းထိန်ရွာမှ ပုလောမြို့သို့ ပြည်ထောင်စု လမ်းအတိုင်း ခြေလျင်သွားခဲ့ရာ ပဝတ်ကုန်းရွာအနီးတွင် ပစ်ခတ်ခံရပြီး တစ်ဦးမှာသေဆုံးကာ နောက်တစ်ဦးမှာ လက်မောင်းနှင့် ဝမ်းဗိုက်တို့တွင် ဒဏ်ရာရကြောင်း ဒေသခံများက ပြောသည်။

“ပဝတ်ကုန်းရွာထိပ်မှာ အပစ်ခံရတာ။ တစ်ဦးက မှောက်ပြီး သေနေတယ်။ အလောင်းလည်း ကောက်သူ မရှိဘူး။ သူ့အဖော်က ဒဏ်ရာတွေနဲ့ မင်းထိန်ရွာဖက်ကို ပြန်ပြေးလာတယ်” ဟု မင်းထိန်ရွာ ဒေသခံအမျိုးသားက ဆိုသည်။

အသက် ၃၀ အရွယ် အဆိုပါအဆိုပါအမျိုးသားနှစ်ဦးမှာ ပုလောဒေသခံများမဟုတ်ဘဲ ရခိုင်တိုင်းရင်းသား လေသံမျိုးဖြင့် စကားပြောဆိုကြောင်း ဒေသခံများက ပြောဆိုသည်။

မင်းထိန်ရွာတွင် သောက်စားပြီးနောက် ပုလောမြို့သို့ သွားပြီး ယင်းမှတစ်ဆင့် မြိတ်မြို့သို့ သွားမည်ဟုပြောဆိုကာ ထွက်သွားကြခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ပဝတ်ကုန်းရွာတွင် လူသူမနေထိုင်သည်မှာ ကြာပြီဖြစ်ပြီး စစ်ကောင်စီတပ်က ဝင်ရောက်တပ်စွဲထားပြီး ရွာအနီးတွင် ကင်းပုန်းချထားသည်ဟု ဒေသခံများက ဆိုသည်။

သေဆုံး၊ ဒဏ်ရာရသည့် အထက်ပါအမျိုးသားနှစ်ဦးနှင့် ပတ်သက်ပြီး အသေးစိတ်အခြေအနေကိုမူ မသိရှိရသေးပေ။

အလားတူ ဧပြီလ ၂၂ ရက် ည ၇ နာရီဝန်းကျင်ကလည်း ခရီးသည်ကားပေါ်လိုက်ပါလာသည့် သားအဖနှစ်ဦး ပလမြို့ စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံရကြောင်း ဒေသခံများက ပြောသည်။

ယင်းသားအဖနှစ်ဦးသည် ပုလောမြို့နယ်၊ ကြဲရွာနေ ဒေသခံများဖြစ်ပြီး မလေးရှားသို့ အလုပ်လုပ်ရန် သွားရောက်စဉ် အဖမ်းခံရခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

ဖမ်းဆီးခံရပြီး နောက်တစ်ရက်တွင် သားအဖနှစ်ဦး အသတ်ခံရသည်ဟု သတင်းထွက်ပေါ်နေကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။

အသတ်ခံရသည်ဟု သတင်းထွက်ပေါ်နေမှုအပေါ် Dawei Watch အနေဖြင့် သီးခြားအတည်နိုင်ခြင်း မရှိသေးပေ။

ပုလောမြို့နယ်၊ ကြဲရွာတွင် တိုက်ပွဲနှင့်အဖမ်းဆီးများကြောင့် ရွာတွင်လူနေထိုင်ခြင်းမရှိတော့ဘဲ မြစ်ချောင်းအနီးအနားရှိ နေအိမ်ဆယ်လုံးခန့်တွင်သာ လူနေထိုင်တော့ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုလောနှင့် တနင်္သာရီမြို့နယ်တို့ကို စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် မကြာခဏတိုက်ပွဲများ ဖြစ်ပေါ် နေသလို ဒေသခံများ ဖမ်းဆီးခံရမှုလည်း ဆက်တိုက်ရှိလာခဲ့သည်။