ဘီးလင်းမြို့နယ် အခွန်ရုံး တိုက်ခိုက်ခံရ

0
2176

မွန်ပြည်နယ်၊ ဘီးလင်းမြို့ ကန်သာယာရပ်ကွက်တွင် တည်ရှိသည့် မြို့နယ်ပြည်တွင်းအခွန်ဦးစီးဌာနရုံး ယနေ့ ဧပြီလ ၂၆ ရက် နံနက်ပိုင်းက တိုက်ခိုက်ခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။

ဘီးလင်း-ဇုတ်သုတ်ကားလမ်းဘေးရှိ အဆိုပါရုံးကို နံနက် ၁ နာရီအချိန်ခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ တို့က ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။

“ပေါက်ကွဲသံကတော့ အကျယ်ကြီးပဲ၊ အိမ်တွေပါ တုန်တယ်။ လူထိခိုက်မှုတော့ မရှိဘူး။ အခွန်ရုံးအဆောက်အအုံ ပျက်ဆီးတာတော့ ရှိတယ်” ဟု ဘီးလင်းဒေသခံတစ်ဦးက ပြောသည်။

တိုက်ခိုက်ခံရမှုကြောင့် အခွန်ရုံး အရှေ့မျက်နှာစာနှင့် အတွင်းပိုင်းနေရာအချို့ ထိခိုက်ပျက်ဆီးမှုရှိပြီး လူထိခိုက်သေဆုံးမှုမရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။

တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ရှာဖွေစစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း ဒေသခံတို့၏ ပြောကြားချက်အရ သိရသည်။

ဖေဖော်ဝါရီလအတွင်းကလည်း ဘီးလင်းမြို့နယ် ဇုတ်သုတ်ကျေးရွာအုပ်ချုပ်ရေးမှူးရုံး မိုင်းခွဲတိုက်ခိုက်ခံရပြီး ရုံးအဆောက်အအုံတစ်ခုလုံး ပြိုကျပျက်ဆီးသွားခဲ့သည်။