မြန်မာနိုင်ငံ၏ မြို့ကြီးများတွင် အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်ထက် ကျော်လွန်ရောက်ရှိ

0
2195

မိုးလေဝသဌာနမှ ထုတ်ပြန်သော ကိန်းဂဏန်းများအရ ယခုနှစ် (၂၀၂၃ခုနှစ်) သည် မြန်မာနိုင်ငံတွင် အပူဆုံးနှစ်အဖြစ် စံချိန်တင်နိုင်ဖွယ်ရှိပြီး နိုင်ငံ၏ မြို့ကြီး ၁၀ မြို့ထက်မနည်းတွင် အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်ထက် ကျော်လွန်ရောက်ရှိနေကြောင်း သိရသည်။

ကလေးဝနှင့် ညောင်ဦးကဲ့သို့ ဒေသများတွင် ဧပြီလ ၁၈ ရက်နေ့က အပူချိန် ၄၄ ဒီဂရီ စင်တီဂရိတ် ကို ကျော်လွန်ခဲ့သည်။ ဆက်လက်ပြီး ကလေး၊ တမူး၊ မင်းပင်၊ မုံရွာ၊ မြင်းမူ၊ မြင်းခြံ၊ ချောက်နှင့် ပခုက္ကူမြို့များတွင် နေ့အပူချိန်သည် အမြင့်ဆုံး ၄၃ မှ ၄၄ ဒီဂရီစင်တီဂရိတ်အထိ ရှိခဲ့သည်။

နိုင်ငံ၏ အပူဆုံးဒေသများအနက် အများစုမှာ မြန်မာနိုင်ငံအလယ်ပိုင်းတွင်း ဖြစ်ပြီး စစ်ကိုင်းတိုင်း ဒေသကြီးကဲ့သို့သော နေရာများတွင် ပျမ်းမျှနေ့အပူချိန်ထက် ခုနစ်ဒီဂရီအထိ မြင့်တက်လာသည်။

တမူးကဲ့သို့သော နေရာများတွင် အချို့သော အပူချိန်များသည် စံချိန်တင် မြင့်တက်ခဲ့သည်။ တမူးတွင် ယခုအချိန်အထိ အမြင့်ဆုံးအပူချိန်မှာ ၄၄ ဒီဂရီစင်တီဂရိတ် ဖြစ်သည်။ ဤကဲ့သို့ နေ့အပူချိန်သည် ဆယ်စုနှစ် လေးခုအတွင်း အပူဆုံးဖြစ်ကာ ယခင်စံချိန်ဖြစ်သော နေ့အပူချိန် ၄၃ ဒသမ ၂ ဒီဂရီစင်တီဂရိတ် ကို ကျော်လွန်သွားပြီဖြစ်သည်။

ကမ္ဘာတဝန်းရှိ မိုးလေဝသဆိုင်ရာ အချက်အလက်များကို လေ့လာပံ့ပိုးပေးနေသည့် ဝက်ဘ်ဆိုဒ်တစ်ခုဖြစ်သည့် El Dorado Weather ၏ အဆိုအရ မြန်မာနိုင်ငံ ၏ ချောက်မြို့သည် ကမ္ဘာပေါ်တွင် အပူဆုံးမြို့များအနက် တစ်ခု အဖြစ် ပါဝင်ကြောင်း ဖော်ပြထားသည်။

ဧပြီလ ၂၁ ရက်နေ့ တိုင်းတာချက်များအရ နိုင်ဂျာနိုင်ငံမှ အန်ဂွေမီ မြို့ သည် ၅၅ ဒသမ ၆ ဒီဂရီစင်တီဂရိတ် ဖြင့် ထိပ်ဆုံးမှ ရပ်တည်ခဲ့ပြီး သူ့နောက်တွင် မြန်မာနိုင်ငံမှ ချောက်မြို့ က ၄၅ ဒသမ ၅ ဒီဂရီစင်တီဂရိတ် ဖြင့် နံပါတ် (၃) ၊ ညောင်ဦး မြို့က ၄၄ ဒီဂရီစင်တီဂရိတ် ဖြင့် နံပါတ် (၁၁) ဖြင့် အသီးသီး ရှိနေခဲ့သည်။

မြန်မာနိုင်ငံတွင် အတာသင်္ကြန်ကာလအပြီး ဧပြီလလယ်မှစတင်၍ ရာသီဥတု သိသိသာသာပူလာကာ အပူလွန်ကဲလာမှုကြောင့် သေဆုံးမှုများရှိကြောင်း သိရသည်။

တဟုန်ထိုးမြင့်နေသည့် နေ့အပူချိန်များအကြား အတန်ငယ် နိမ့်သည်ဟု ယူဆနိုင်သည့် အပူချိန် ၄၁ ဒီဂရီ စင်တီဂရိတ် နှင့် ရန်ကုန်မြို့မှာပင် အပူဒဏ်ကြောင့် အနည်းဆုံး လူ ၂ ဦးအထိ သေဆုံးခဲ့ကြောင်း သိရသည်။

လက်ရှိတွင် အချိန်အလိုက် မီးပေးမှုဖြင့် လည်ပတ်နေသော မြန်မာနိုင်ငံသည် စံချိန်တင်ပူပြင်းသော ရာသီဥတုကြောင့် ကြိုတင်စီစဉ်ထားခြင်းမရှိသည့် လျှပ်စစ်မီး ပြတ်တောက်မှုများကိုပါ ရက်ရှည် ကြုံတွေ့နေရသည့်အတွက် ပြည်သူများအနေနှင့် ညဘက်မှာတောင် အပူဒဏ်ကို ကြံ့ကြံ့ခံရင်း နေထိုင်နေကြရသည်။

Reference ● Thai PBS World