ကင်ဂျုံအန်၏ ချစ်လှစွာသော ကလေးကြောင့် မြောက်ကိုးရီးယားတွင် ပြည်သူများ၏ မကျေနပ်မှု မြင့်တက်ဟုဆို

0
2555

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်၏ “အချစ်ဆုံးကလေး” ဂျူအယ်သည် တန်ဖိုးကြီးသော အဝတ်အစားနှင့်အတူ စည်းစိမ်အပြည့်နေထိုင်နေမှုမှာ အငတ်ဘေးကို ဖြတ်သန်းနေကြရသည့် မြောက်ကိုရီးယားပြည်သူများအတွက် မကျေမနပ်ဖြစ်မှုကို မြင့်တက်လာစေသည်ဟု တောင်ကိုရီးယားမှ လွှတ်တော်အမတ်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“မြောက်ကိုရီးယားနိုင်ငံသားအများစုဟာ ပြင်းထန်တဲ့ ကန့်သတ်ချုပ်ချယ်မှုအောက်မှာ နေထိုင်နေ ကြရပါတယ်။ ဒါကြောင့် ခေတ်မီအဝတ်အစားတွေ ဝတ်ဆင်ထားတဲ့ ဂျူအယ် ရဲ့ ပျိုမြစ်မှုပုံရိပ်က ပြည်သူတွေကို စိတ်ပျက်စေတာပါ” ဟု တောင်ကိုရီးယားနိုင်ငံ ၊ အမျိုးသား လွှတ်တော် ဆိုင်ရာ ထောက်လှမ်းရေးကော်မတီ၏ အမှုဆောင်အတွင်းရေးမှူး ယူးဆန်းဘုမ်း  က ပြောကြားခဲ့သည်။

ယင်းအကြောင်းအရာနှင့် ပတ်သက်ပြီး တံခါးပိတ်သတင်းစာရှင်းလင်းပွဲတွင် ယူး၏ပြောကြားမှုအရ လက်ရှိတွင် အသက် ၁၀နှစ်ဟု ယူဆရသည့် ဂျူအယ်သည် နှင်းလျှောစီးခြင်းနှင့် မြင်းစီးခြင်း ကဲ့သို့သော ငွေကုန်ကြေးကျများသည့် ကိစ္စများကို ပိုင်ဆိုင်ထားပြီး ပညာသင်ကြားမှုကိုမူ နေအိမ်မှသာ ဆောင်ရွက်ကြောင်း သိရသည်။

အစီရင်ခံစာများအရ မြောက်ကိုရီးယားအစိုးရက စားနပ်ရိက္ခာကို ပုံမှန်ထက် နည်းသော စျေးနှုန်းဖြင့် ဖြန့်ဖြူးနိုင်ရန်ဟုဆိုကာ အစာရေစာစျေးကွက်ကို အစိုးရပိုင် စားသောက်ကုန်ဆိုင်များမှတစ်ဆင့် လက်ဝါးကြီးအုပ်ထားရန် ကြိုးပမ်းနေပြီး နိုင်ငံအတွင်း အချို့နေရာများတွင် ဆန်နှင့် ပြောင်းရောင်းချမှုကို တားမြစ်ထားကြောင်း သိရသည်။

ယင်းကဲ့သို့ တားမြစ်ချက်သည် ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ယူကရိန်းစစ်ပွဲအတွင်း နယ်စပ်ပိတ်ဆို့မှုများကြောင့် ဖြစ်ပေါ်လာသော စားနပ်ရိက္ခာပြတ်လပ်မှုကို ကိုင်တွယ်ဖြေရှင်းရန် ရည်ရွယ်ခြင်းဖြစ်သည်။

ဂျူအယ် သည် အသက်ငယ်ရွယ်သေးသော်လည်း သူမ၏ ဖခင်နှင့်အတူ ထင်ရှားကျော်ကြားသော ပွဲလမ်းသဘင် အများအပြားကို တက်ရောက်ခဲ့သည် ။

ပြောကြားချက်များအရ ဂျူအယ်သည် မြောက်ကိုရီးယား၏ မြို့တော် ၊ ပြုံယမ်းရှိ အဓိက စစ်ရေးပြချီတက်ပွဲ တစ်ခုအတွင်း သူမ၏ဖခင် ခေါင်းဆောင် ကင်ဂျုံအန်နှင့်အတူ အထူးလသာဆောင်တစ်ခုမှ ကြည့်ရှုခဲ့ကြောင်း သိရသည်။

ဂျူအယ်ကို မစ္စတာကင်၏ “အချစ်ဆုံး ကလေး” ဟု အစပိုင်းတွင် ဖော်ပြခဲ့သည့် မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာက ယခုအခါ သူမအား “မြင့်မြတ်သောကလေး” သို့မဟုတ် “လေးစားထိုက်သော ကလေး” ဟု ခေါ်ဝေါ်လျက် ရှိသည်။

မကြာသေးမီကပင် မြောက်ကိုရီးယားအစိုးရသည် ဂျူအယ် ၏ ရုပ်ပုံ ပါဝင်သည့် အထိမ်းအမှတ်တံဆိပ်ခေါင်း ဒီဇိုင်းများကို ထုတ်ဖော်ပြသခဲ့သည်။

Reference

●       THE KOREA HERALD/ASIA NEWS NETWORK

●       The Straits Times