ဘန်ကောက်တွင် တရားဝင်မြန်မာလုပ်သားတစ်ဦး ဆေးကုသခွင့်မရရှိဘဲ သေဆုံး

0
2165

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ရုတ်တရက် သတိလစ်သွားသော မြန်မာအလုပ်သမားတစ်ဦး အချိန်မီဆေးကုသခွင့် မရရှိဘဲ ဧပြီလ ၂၃ရက်က သေဆုံးသွားကြောင်း ၎င်းနှင့်နီးစပ်သည့် မြန်မာအလုပ်သမားများထံမှ သိရသည်။

သေဆုံးသူ မြန်မာအလုပ်သမားသည် နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ MoU စနစ်ဖြင့် လာရောက်လုပ်ကိုင်သူဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

ထိုင်းသို့ ရောက်ရှိသည်မှာ ၂ လနီးပါးသာရှိသေးကာ ဘန်ကောက်မြို့ စွယ်ပိုလိုရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် လုပ်ကိုင်နေသူဖြစ်ကြောင်း မြန်မာအလုပ်သမားများထံမှ သိရသည်။

၎င်းသည် ဧပြီလ ၂၃ ရက် မွန်းလွဲ ၂နာရီခန့်တွင် ဘောလုံးပွဲမှအပြန် တိုက်ခန်း၌ ဇနီးဖြစ်သူနှင့် ဖုန်းပြောကာ ဆေးလိပ် သောက်နေစဉ် ခေါင်းငိုက်စိုက်ကျကာ သတိလစ်သွားခြင်းဖြစ်ကြောင်း တစ်တိုက်တည်းနေသူ မြန်မာအလုပ်သမား တစ်ဦးက ပြောသည်။

အရေးပေါ်လူနာတင်ကား ရောက်ရှိလာချိန် ကားတာဝန်ရှိသူတို့က အလုပ်သမား၏ နိုင်ငံကူးလက်မှတ်နှင့် တရားဝင် အထောက်အထားများ ရှိမရှိ မေးမြန်းစဉ် အလုပ်ရှင်သိမ်းထားသည်ဟု မြန်မာအလုပ်သမားများက ပြန်ဖြေရာ လူနာတင်ကား ပြန်ထွက်သွားကြောင်း မြန်မာအလုပ်သမားများထံမှ သိရသည်။

မြန်မာအလုပ်သမားမှာ အရေးပေါ်လူနာတင်ကား ရောက်ရှိလာချိန်တွင် အသက်ရှိနေသေးကြောင်း တစ်တိုက်တည်းနေထိုင်သူ မြန်မာအလုပ်သမားတစ်ဦးက ဆိုသည်။

“အရေးပေါ်သယ်မယ်ဆိုရင် သယ်လို့ရမှာပေါ့။ အထောက်အထားမရှိတဲ့ပုံစံနဲ့ မသယ်တော့တဲ့ ပုံစံလားတော့မသိဘူး။ နောက်မှ ဖြေရှင်းချက်ပေးလိုက်တာက စစ်ဆေးချက်အရ ကိုဗစ်ဖြစ်တယ်ဆိုပြီး အတည်ပြုစာရွက်တွေ ပေးလိုက် တယ်” ဟု ၎င်းက ပြောဆိုသည်။

နိုင်ငံကူးလက်မှတ်အပါအဝင် တရားဝင် အထောက်အထားများကို အလုပ်သမားထံတွင် ထားရှိရမည်ဖြစ်သော်လည်း အလုပ်ရှင်က သိမ်းဆည်းထားသည့်အတွက် နေမကောင်းဖြစ်နေချိန် အချိန်မီ မရရှိခဲ့သဖြင့် သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း မြန်မာအလုပ်သမားတစ်ဦးက ပြောသည်။

“သူတို့က (အလုပ်ရှင်) သိမ်းတာမဟုတ်ဘူး။ ထွက်ပြေးမှာ ကြောက်လို့ဆိုပြီး လျှောက်ပြောတာပေါ့။ ပြည်ပရောက်နေတာ ကိုယ့်အသက်က ပတ်စ်ပိုစ့်စာအုပ်‌လေ။ အဲဒီဟာပဲရှိတာ။ သူတို့ကပဲ ကိုင်ထားပြီး ဘာမှလုပ်လို့မရဘူး။ သူတို့လာပေးတဲ့အချိန်က ဒီမှာ သေသွားပြီ။ အသက်ပါပေးလိုက်ရပြီ” ဟု ၎င်းက ဆိုသည်။

မြန်မာအလုပ်သမားများ တိုက်ခန်းတွင်ပင် အသက်ဆုံးသွားပြီး သေဆုံးချိန်တွင် ဆေးရုံကား အလောင်းကို လာသယ်သေးသော်လည်း သယ်ခွင့်မပြုခဲ့ကြကြောင်း မြန်မာအလုပ်သမားများထံမှ သိရသည်။

ထိုင်းအလုပ်သမားဥပဒေအရ ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်နေသည့် နိုင်ငံခြားသားများနှင့်သက်ဆိုင်သည့် အထောက်အထားစာရွက်စာတမ်းများအား အလုပ်ရှင်က သိမ်းဆည်းထားပိုင်ခွင့် မရှိပေ။

ထိုင်းအာဏာပိုင်များကမူ မြန်မာအလုပ်သမားသေဆုံးခြင်းမှာ ကိုဗစ်ရောဂါကြောင့်ဖြစ်သည်ဟုပြောဆိုကြောင်း ယင်းကိစ္စတွင် လိုက်ပါကူညီဆောင်ရွက်ပေးနေသော Union Brother ပြည်သူ့အကျိုးဆောင် အလုပ်သမားအဖွဲ့အစည်းက အဖွဲ့ဝင်က ပြောသည်။

ယင်းအပြင် လူနာမှာ သေဆုံးနိုင်ခြေ ၉၀ ရာခိုင်နှုန်းရှိနေပြီဖြစ်သဖြင့် လူနာတင်ကား မသယ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်ဟုလည်း ထိုင်းအာဏာပိုင်များက ပြောဆိုကြောင်း ၎င်းက ဆိုသည်။

နိုင်ငံကူးလက်မှတ်နှင့် စာရွက်စာတမ်းများ သိမ်းဆည်းခံထားရသော်လည်း မြန်မာအလုပ်သမားများ အသက်အန္တရာယ် ကြုံတွေ့ရသောအချိန်တွင် ဆေးရုံကားက အရေးပေါ် မပို့ဆောင်ပေးမှုကြောင့် သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း အထက်ပါအဖွဲ့ဝင်က ပြောဆိုသည်။

“အရေးပေါ်အသက်လုရမယ့်အချိန်မှာ စာအုပ်မရှိရင် အသေခံရမှာလားပေါ့။ သူ့ဘာသူ ၉၀ ရာခိုင်းနှုန်းပဲရှိရှိ၊ ၁၀ ရာခိုင်နှုန်းပဲရှိရှိ မသေသေးဘူးဆိုရင် သူတို့က ဆေးရုံပို့ပေးရမှာလေ။ ဒါကို ထားခဲ့ပြီးတော့ နောက်သေသွားမှ အလောင်းလာပြန်ယူတယ်ဆိုတာကတော့ မဖြစ်သင့်ဘူးလို့ ပြောချင်တယ်” ဟု အဆိုပါအဖွဲ့ဝင် ပြောသည်။

လက်ရှိအချိန်တွင် သိမ်းဆည်းထားသော နိုင်ငံကူးလက်မှတ်နှင့် Work Permit ကို ပြန်လည်ရရှိရေးအတွက် ဆောင်ရွက်ပေးနေပြီး အလုပ်ရှင်ကို အရေးယူနိုင်ခြင်း ရှိမရှိကိုမူ ဆွေးနွေးနေဆဲဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထိုင်းရောက် မြန်မာအလုပ်သမားများသည် လုပ်ငန်းခွင်အတွင်း နိုင်ငံကူးလက်မှတ်များ သိမ်းဆည်းခံထားရသဖြင့် အရေးပေါ်ကြုံတွေ့ရသောအချိန်တွင် အချိန်မီမရရှိသဖြင့် မီးဖွားချိန်ဒုက္ခရောက်ခြင်းအပါအဝင် အခက်အခဲမျိုးစုံဖြင့် ကြုံရကြောင်း မြန်မာအလုပ်သမားများထံမှ သိရသည်။