သရက်ချောင်း ပိန်းတောရွာ မိုင်းပေါက်ကွဲမှု တစ်ဦးဒဏ်ရာရပြီး အနည်းဆုံးနှစ်ဦးအဖမ်းခံရ

0
2194

သရက်ချောင်းမြို့နယ် ပိန်းတော‌ကျေးရွာတွင် မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး ဒေသခံအမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ဧပြီလ ၂၄ ရက် ည ၆ နာရီခန့်တွင် လယ်ကွက်အနီး ကားလမ်းမဘေးတွင် မြက်ခြောက်များ မီးရှို့ရာမှ ပေါက်ကွဲမှုဖြစ်ပွားခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။

“တစ်ယောက်ဒဏ်ရာရတာတော့ သေချာတယ်။ ထိတဲ့နေရာကများတော့ ထားဝယ်ဆေးရုံတင်ထားရတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။

မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး ယနေ့ ဧပြီလ ၂၅ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့အပါအဝင် ပူးပေါင်းအဖွဲ့များ ရောက်ရှိလာပြီး အနီးဝန်ကျင်ကို ရှာဖွေကြောင်း ဒေသခံအချို့က ပြောသည်။

ယင်းသို့ ရှာဖွေစစ်ဆေးရာမှ မိုင်းပေါက်ကွဲသည့်အနီးဝန်းကျင်တွင်ရှိသည့် ဆိုင်ကယ်ပြင်ဆိုင်မှ အသက် ၂၈ နှစ်နှင့် ၂၁ ဝန်းကျင်အရွယ် ညီအစ်ကိုနှစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း ဒေသခံအချို့က ပြောဆိုသည်။

“မိုင်းထောင်ထားတယ်ဆိုတာ ဘယ်သူမှသိတာ မဟုတ်ဘူး။ ဆိုင်ကယ်ပြင်ဆိုင်ထဲမှာလည်း ထိုင်နေတာက လေးငါးယောက်လောက်ရှိတယ်။ အဲဒီအထဲကမှ ဆိုင်ပိုင်ရှင်ညီအစ်ကိုနှစ်ယောက်ကို ဖမ်းသွားတာ။ သူ့အဖေကိုတော့ ထားခဲ့တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

လမ်းဘေးတွင် မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် မိုင်းလာထောင်ထားသည်ကိုမူ မသိရသေးပေ။

ဆိုင်ကယ်ပြင်ဆိုင်အပြင် ပေါက်ကွဲမှုဖြစ်သည့် အနီးအနားက အခြားနေအိမ်အချို့ကိုလည်း စစ်ကောင်စီတပ်က ဝင်ရောက်ရှာဖွေ စစ်ဆေးခဲ့သေးကြောင်း ဒေသခံအချို့က ဆိုသည်။