မဲဆောက်တွင် သခွားသီးတင်ကားထဲ ပုန်းခိုလိုက်လာသည့် မြန်မာလုပ်သား ၁၃ဦး ဖမ်းဆီးခံရ

0
2102

ထိုင်းနိုင်ငံ တာခ့်ခရိုင် မဲဆောက်မြို့အထွက် စစ်ဆေးရေးဂိတ်တစ်ခုတွင် သခွားသီးတင်ကားထဲ ပုန်းခိုလိုက်ပါလာသည့် မြန်မာအလုပ်သမား ၁၃ဦးကို ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ယနေ့ ဧပြီလ၂၃ ရက် နံနက်ပိုင်းတွင် ကားကို ထိုင်းအာဏာပိုင်များက စစ်ဆေးရာမှ မြန်မာအလုပ်သမားများကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ရေးသားထားသည်။

ကား၏ အနောက်ဘက်တွင် သခွားသီးများဖြင့် ပတ်ပတ်လည်စီပြီး အလယ်တွင် မြန်မာအလုပ်သမားများ ပုန်းခိုရန် လေးထောင့်ပုံစံ နေရာထားရှိထားခြင်းဖြစ်ကြောင်း ဖော်ပြသည်။

မြန်မာအလုပ်သမား ၁၃ ဦးအနက် ၁၂ ဦးမှာ ဧပြီလ ၂၂ ရက်က ထိုင်း-မြန်မာ ချစ်ကြည်ရေး အမှတ် (၁) တံတားမှတစ်ဆင့် ယာယီနယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ်ဖြင့် ဝင်ရောက်လာသူများဖြစ်သည်ဟုဆိုသည်။

၎င်းတို့မှာ မဲဆောက်တွင် ဧပြီလ ၂၈ ရက်အထိ နေထိုင်ခွင့်သက်တမ်းရှိကြောင်း ဖော်ပြထားသည်။

ယာယီနယ်စပ်ဖြတ်ကျော်ခွင့် လက်မှတ်မှာ မဲဆောက်တွင်သာ နေထိုင်ခွင့်ရှိပြီး အလုပ်သမားများမှာ ဘန်ကောက်ဘက်သို့ တရားမဝင် သွားသဖြင့် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟုဆိုသည်။

ကျန်တစ်ဦးမှာ နိုင်ငံကူးလက်မှတ်နှင့် ခရီးသွားအထောက်အထား မတွေ့ရှိရကြောင်း သတင်းများတွင် ရေးသားထားသည်။

မြန်မာအလုပ်သမားများကို တင်ဆောင်လာသော ထိုင်းနိုင်ငံသား ကားသမားနှင့်အတူ အထောက်အထားမရှိသော မြန်မာအလုပ်သမား တစ်ဦးကို ဥပဒေအရ ဆက်လက်အရေးယူဆောင်ရွက်နိုင်ရန်အတွက် မဲဆောက်ရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း ဖော်ပြထားသည်။

ယာယီနယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ်ရှိသည့် မြန်မာအလုပ်သမား ၁၂ ဦးအား မည်သို့ဆောင်ရွက်ထားသည်ကိုမူ သတင်းတွင် ဖော်ပြထားခဲ့ခြင်းမရှိပေ။

Ref: AEC ASEAN News, Maesot Media