ပူလွန်းတဲ့နွေမှာ ရှားလာတဲ့ ရေကြည်တစ်ပေါက်

0
2079

ဦးထွန်းတစ်ယောက် လှေကိုဒုန်းစိုင်းမောင်းနေပါတယ်။

ရေငန်ပတ်လည်ဝိုင်းထားတဲ့ ပြင်ကြီးကျွန်းမှာ ရေချိုပြတ်နေတာ ရက်ပေါင်း ၆၀ လောက်ရှိနေပါပြီ။ လူဦးရေရာဂဏန်းလောက်အတွက် သူတို့ကျွန်းမှာ သောက်စရာ ရေကြည်၊ ရေသန့်မရှိတော့။

ထားဝယ်မြစ်ဝ လောင်းလုံးမြို့နယ်ထဲမှာပါတဲ့ တံငါရွာလေးဖြစ်တဲ့ ပြင်ကြီးကျွန်း။
အဲဒီကျွန်းကနေ သရက်ချောင်းမြို့နယ် ဆင်းကူးပြင်ရွာလေးကို ဦးထွန်းဦးတည်သွားနေတာပါ။

လှေ‌ပေါ်မှာ အရွယ်စုံ ဆိုဒ်စုံ ထည့်စရာဘူးများ။

“ရွာထဲက ရေကန်ကခန်းသွားပြီဆိုတော့ အဝေးကြီးမှာ သွားခပ်နေရတယ်” လို့ ဦးထွန်းကဆိုပါတယ်။

ပြင်ကြီးကျွန်းနဲ့ ဆင်းကူပြင်ဟာ လှေနဲ့အသွားအပြန် တစ်နာရီလောက်ကြာပါတယ်။

မိုးများရေလျှံ မိုးနည်းရေရှား တနင်္သာရီတိုင်းဟာ ရေရှားပါးမှုဒဏ်ကို ဒေသခံတွေ ခံစားလာကြရပြန်ပါပြီ။

ရာသီဥတုဟာ တစ်နှစ်ထက်တစ်နှစ်ပိုပူပြင်းလာပြီး ရေရှားပါးတာကို နှစ်တိုင်းခံစားနေကြရပေမယ့် ပြဿနာရဲ့ ရင်းမြစ်ကို ကိုင်တွယ်ဖြေရှင်းနိုင်ခြင်းမရှိသေးသလို ဖြေရှင်းပေးမယ့်သူလည်း မရှိပါဘူး။

“ရေရှားပြီဆိုရင် ရေလှူပေးတဲ့အဖွဲ့တွေကိုပဲ အားကိုးနေရသေးတယ်။ ဒီနှစ်တော့ ရေလှူပေးတဲ့အဖွဲ့တွေကိုလည်း မဆက်သွယ်တော့ဘူး။ နိုင်ငံရေးအခြေအနေတွေကြောင့်ပေါ့လေ” လို့ ဦးထွန်းကဆိုပါတယ်။

၂၀၂၃ နွေရာသီ မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှာနိုင်ငံများတွင် နေ့အပူအချိန်မြင့်မားဆုံး ကာလကိုကြုံတွေ့နေကြရပါတယ်။

တနင်္သာရီတိုင်းမှာဆိုရင်လည်း နေ့အပူချိန်နေ့စဉ် မြင့်တက်နေလို့ အပူဒဏ်ကိုခံစားနေကြရပါတယ်။

မေလ ၁ ရက်ကနေ ဧပြီလ ၂၁ ရက်အထိ ရက်ပေါင်း ၅၂ ရက်ထဲမှာ ပုံမှန်အပူချိန်ထက် ပိုတဲ့ရက်က ၃၈ ရက်ရှိနေပါတယ်။ ကျန် ၁၄ ရက်ကသာ ပုံမှန်အပူအချိန်မှာရှိနေတာပါ။

တစ်ချို့နေ့တွေမှာ ပုံမှန်ထက် ၂ ဒီဂရီစင်တီဂရိတ်ပိုပူပြီး အချို့နေ့တွေမှာတော့ ၅ ဒီဂရီစင်တီဂရိတ်ကနေ ၆ ဒီဂရီစင်တီဂရိတ်အထိ ပိုပူတဲ့နေ့တွေလည်းရှိပါတယ်။

ဒီကိန်းဂဏန်းတွေကတော့ မိုးလေဝသဦးစီးဌာနက နေ့စဉ်ထုတ်ပြန်နေတဲ့ အပူချိန်တွေကို ကိုးကားဖော်ပြထားတာ ဖြစ်ပါတယ်။

ဒီအချက်အလက်တွေအရ တနင်္သာရီတိုင်းဟာ ကျန်ခဲ့ပြီဖြစ်တဲ့ ဆယ်စုနှစ်တွေကထက် အပူချိန်ပိုတက် လာတာကြောင့် ပိုမိုပူပြင်းတဲ့နေ့ရက်တွေကို ရောက်ရှိလာနေပြီလို့ ပြောနိုင်ပါတယ်။

အခုဆိုရင် ထားဝယ်ဒေသမှာ သောက်သုံးရေတွင်းတွေ ပုံမှန်အချိန်ကထက်စောပြီး ခန်းခြောက်လာနေကြပါပြီ။

“မနှစ်တုန်းကတော့ ကဆုန်လပြည့်ကျော်မှ ရေတွင်းကခန်းတာ၊ ဒီနှစ်တော့ သင်္ကြန်မကျခင်ကတည်းက ခန်းနေလို့ နောက်ထပ်ရေတွင်းထပ်တူးနေရတယ်။ သစ်ပင်တွေရေလောင်းဖို့လိုနေလို့ ထပ်တူးလိုက်ရတာ” လို့ လောင်းလုံးမြို့နယ် လေးသွန်းခံရွာသားတစ်ဦးက ဆိုပါတယ်။

ထားဝယ်ခရိုင်က အခြားကျေးရွာတွေမှာလည်း အလားတူ ရေတွင်းရေကန်တွေ ခန်းခြောက်လာနေကြပါတယ်။

ထားဝယ်ခရိုင်မှာ နှစ်တိုင်းရေရှားနေကျကျေးရွာ အနည်းဆုံးရွာပေါင်း ၂၀ ကျော်ရှိပါတယ်။
ထားဝယ်မြို့ပေါ်မှာဆိုရင်တော့ ကြက်စားပြင်ရပ်ကွက်၊ ပြီးရင်တော့ မြို့ပြင်က ရှင်မုတ္တီး၊ ညောင်းဇင်၊ ရောင်းမော်၊ ဝမော်၊ ကဒင်ဝ၊ ကနိုင်းဒါ စတဲ့ကျေးရွာတွေရေရှားလေ့ရှိပါတယ်။
လောင်းလုံးမြို့နယ်မှာဆိုရင် ဝေဒီ၊ ကညုံကျွန်း၊ ကထောင်နီ၊ ကဒက်ငယ်ဆိပ်၊ ပြင်ကြီးကျွန်း စတဲ့ရွာတွေပါ။

ဒီနှစ်မှာ‌တော့ ရွာဘယ်လောက် ရေရှားနေလဲဆိုတာကိုတော့ တိတိကျကျမသိရပေမယ့် ရွာအတော်တော်များများမှာ ရေအလုံအလောက် မရကြတော့ပါဘူး။

အလားတူ မြိတ်နဲ့ ကော့သောင်းမြို့မှာလည်း ရေရှားပါးတဲ့အခက်အခဲရှိနေကြပါတယ်။

မြိတ်မှာဆိုရင် ရေပုန်း၊ ငြိမ်းချမ်းရေး၊ အဏ္ဏဝါ၊ ရှမ်းချောင်းကြီး၊ ရွာသစ်ရွာ အပြင် အခြားရွာတွေလည်းရေရှားနေကြပါတယ်။

ကော့သောင်းမှာကတော့ ထားဝယ်မှာလိုမျိုး သောက်ရေတွင်းတွေ ပုံမှန်ထက်စောပြီး ခန်းခြောက်လာနေပါတယ်။

“ကျွန်တော်အိမ်က ရေတွင်းက နှစ်တိုင်းမခန်း။ တစ်ခါမှကို မခန်းဘူး။ ဒီနှစ်ခန်းသွားပြီ။ တစ်လလောက်တောင်ရှိနေပြီခန်းသွားတာ။ သူများရေတွင်းလည်းခန်းနေကြတာပဲ။ ခါတိုင်းရေမဝယ်ရတဲ့သူတွေက ဒီနှစ်ရေကား( ရေရောင်းသူ) အားကိုးနေရတယ်” လို့ ကော့သောင်းမြို့ခံတစ်ဦးကဆိုပါတယ်။

ရွာဘယ်လောက် ရေရှားနေလဲဆိုတာကိုတော့ တိတိကျကျမသိရပေမယ့် ရွာအတော်တော်များများမှာ ရေအလုံအလောက် မရကြတော့ပါဘူး။

စက်ရုံအလုပ်ရုံတွေ၊ မီးစက်တွေ၊ ယာဉ်တွေကနေ ကာဗွန်ထွက်ရှိမှု တိုးလာတာ၊ သစ်တောပြုန်းတီးလာတာ၊ ရာသီဥတု ဆိုးဆိုးရွားရွား ‌ဖောက်ပြန်ပြောင်းလဲလာတာ တွေကြောင့်လည်း နေ့အပူရှိန်မြင့်လာပြီး ရေရှားတာ‌တွေ ဖြစ်လာပါတယ်။

“ဟိုးအရင် ဆယ်နှစ်၊ နှစ်နှစ်ဆယ်က ထားဝယ်နဲ့ အခုထားဝယ်နဲ့ တူသေးလား။ အရင်က ထားဝယ်မှာ ကားတွေ ဆိုင်ကယ်တွေအဲလောက်မပေါဘူး။ အခု ပိုပိုများလာတယ်။ ယာဉ်တိုက်မှုတွေပိုဖြစ်လာတယ်။ ကာဗွန်ထုတ်လုပ်မှုတွေ ပိုများလာတယ်လေ။ အခုရာသီဥတုပူလာကြတာဟာ လူတွေကလုပ်လို့ဖြစ်နေတာ” လို့ မိုးလေဝသ ကျွမ်းကျင်သူတစ်ဦးက ဆိုပါတယ်။

၎င်းရဲ့အဆိုအရ နောက်ထပ် အနည်းဆုံး ရက်ပေါင်း ၄၀ လောက် အပူချိန်တွေ ဆက်လက်မြင့်တက်‌ဖို့ရှိသေးတယ်လို့ သိရပါတယ်။

“အပူချိန်ကတော့ မေလနှောင်းပိုင်းမဟုတ်ရင် မေလကုန်အထိ ဆက်ရှိနေမယ့်သဘောရှိတယ်။ အဲဒါပြီးရင်တော့ တောင်တရုတ်ပင်လယ်ပြင်က လေအေးလှိုင်းတွေဝင်လာပြီ။ အဲခါကျရင်တော့ အပူချိန်တွေ လျော့ကျသွားဖို့ရှိတယ်” လို့ ကျွမ်းကျင်သူကဆိုပါတယ်။

မေလကုန်ပိုင်း‌မှာ အပူချိန်လျှော့ကျသွားနိုင်ပေမယ့် ရေရှားတဲ့အခက်အခဲကတော့ ဆက်ရှိ‌‌နေနိုင်ပါတယ်။

အကြောင်းကတော့ ဒီနှစ်မိုးရာသီမိုးနောက်ကျနိုင်လို့ပါပဲ။

တောင်တရုတ်ပင်လယ်၊ ဘင်္ဂလားပင်လယ်အော်ကို ဝင်လာမယ့် လေအေးကြောင်းဟာ ပုံမှန်မဟုတ်တဲ့ အနေအထား တစ်ခုရှိနေတာကြောင့် ဒီနှစ်မိုးရာသီ မြန်မာနိုင်ငံတောင်ဘက်ပိုင်းမှာ မိုးရွာနောက်ကျနိုင်တယ်လို့ ဆိုပါတယ်။

“ဒီနှစ်တော့ ပုံမှန်ထက် မိုးရွာနောက်ကျမယ်။ မိုးဦးနဲ့ မိုးလယ်မှာ မိုးနည်းပြီးတော့ မိုးနှောင်းကျမှ မိုးကောင်းနိုင်တယ်လို့ ခန့်မှန်းထားတယ်” လို့ မိုးလေဝသကျွမ်းကျင်သူကဆိုပါတယ်။

အရှေ့တောင်အာရှနိင်ငံတွေမှာ အပူချိန်မြင့်တက်တာကို ခံစားနေရချင်းတူပေမယ့် စစ်တပ်အာဏာသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသားတွေကို ပိုခံစားရတယ်လို့ဆိုနိုင်ပါတယ်။

အပူချိန်မြင့်တက်နေချိန် မြန်မာနိုင်ငံမှာ သူများနိုင်ငံတွေလို လျှပ်စစ်မီးပုံမှန်မရပါဘူး။

တနင်္သာရီတိုင်းမှာတော့ လျှပ်စစ်မီးရနေသေးတယ်ဆိုပေမယ့် နိုင်ငံရေး မတည်ငြိမ်တာ၊ နယ်မြေမအေးချမ်းတာ တွေကြောင့် ရေအလှူပေးတဲ့သူတွေ မရှိသလောက်တောင် ဖြစ်နေပါတယ်။

ထားဝယ်မှာဆိုရင် ရေအလှူပေးနေတဲ့ ဇမ္ဗူသီရိလိုမျိူးပရဟိတအဖွဲ့တွေ လက်ချိုးရေတွက်လို့ရနေပါတယ်။

“အရင်လိုရေလာလှူတဲ့သူလည်းမရှိတော့ ဝယ်သုံးနေရတာပေါ့။ ဝယ်မနိုင်တဲ့သူတွေကတော့ သောက်ရေအတွက်ပဲဝယ်။ ချိုးရေကတော့ ရေကန်မှာစစ်ပြီးခပ်နေရတယ်” လို့ ပြင်ကြီးကျွန်းဒေသခံတစ်ဦးကဆိုပါတယ်။

အာဏာမသိမ်းခင်က သူ့ထက်ငါအပြိုင် မြင်မဆုံးအောင်ရေလှူသွားနေကြတဲ့သူတွေအာဏာသိမ်းပြီး ဒီနှစ်ရေရှားချိန်မှာတော့ လုံးဝနီးပါးမရှိတော့ပေ။

“ကိုဗစ်စဖြစ်တဲ့နှစ်ကလေ ( ၂၀၂၀ ခုနှစ်) အေးအဲဒီနှစ်ကဆိုရင် ‌မလာနဲ့တော့လို့တောင် တားထားရတယ်။ ရေထည့်စရာခွက်တောင်မရှိတော့လို့။ တစ်နေ့ကို လေးငါးခြောက်စီးလောက်ကို လာလှူကြတာ။ လို့ လောင်းလုံးမြို့နယ် ကညုံကျွန်းရွာသူတစ်ဦးကဆိုပါတယ်။

ရေရောင်းတဲ့ကားတွေကို မီခို‌လာရတဲ့ ကော့သောင်းမြို့မှာလည်း စစ်ကောင်စီရဲ့ ညမထွက်ရအမိန့် ကန့်သတ်ချက်ကြောင့် နေ့ခင်းဘက်ရေကို အလုအယက်ဝယ်ယူနေရတယ်လို့ ဆိုပါတယ်။

ရေကန်မှာ ရေစုပ်တာများပြီး ခမ်းသွားရင် ရေပြန်ပြည့်ဖို့စောင့်ရပါတယ်။ အဲဒီလိုရေပြန်ပြည့်တဲ့အချိန်စောင့်ပြီး ရေစုပ်ယူရောင်းနေရတော့ အချိန်မီရေမပို့နိုင်တာတွေရှိတာပါ။

အဲဒါကြောင့် အရင်ကဆိုရင် ညနက်သန်းခေါင်အထိ ရေကားတွေ ရေလိုက်ရောင်းကြတာပါ။
အာဏာသိမ်းပြီးနောက်မှာတော့ ညဘက်‌ရေလိုက်ပို့လို့မရတဲ့ အခက်အခဲတစ်ခုဖြစ်လာခဲ့ပါတယ်။

“ရေအလုံအလောက်တော့ဝယ်လို့ရတယ်။ ဒါပေမဲ့ အလုအယက်ဝယ်နေရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရေကားတွေက ညဘက်မရောင်းရဲကြတော့ဘူး။ ညမထွက်ရအမိန့်ရှိတာကိုး။ အရင်တုန်းကဆို ည ၁၂ နာရီအထိ အော်ဒါမှာရင်လိုက်ပို့ပေးကြတယ်” လို့ ကော့သောင်းမြို့ခံကဆိုပါတယ်။

စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ ဂယက်ကြောင့် ကုန်ဈေးနူန်းမြင့်တက်တာ၊ အလုပ်ကိုင်အခွင့်အလမ်း နည်းပါးလို့ ဝင်ငွေမရှိတော့တာတွေကြားထဲ သောက်သုံးရေကိုပါ ဝယ်ယူသုံးစွဲနေကြရပြန်ပါတယ်။

လွန်ခဲ့တဲ့နှစ်ပေါင်းသုံးဆယ်က( ၁၉၈၁ မှ ၂၀၁၀ အထိ) မြန်မာနိုင်ငံမှာ အလွန်အမင်းပူပြင်းတဲ့ ကာလက တစ်လမှာ တစ်ရက်ပဲရှိခဲ့တယ်လို့ WWF Myanmar က ၂၀၁၇ ခုနှစ်က ထုတ်ပြန်တဲ့ အစီအရင်ခံစာမှာ ဖော်ပြထားပါတယ်။

လာမယ့်အနာဂါတ်ကာလမှာတော့ တနင်္သာရီတိုင်းအပါအဝင် မြန်မာနိုင်ငံရဲ့ ဘယ်ဒေသမှာမဆို တစ်လမှာ အလွန်အမင်းပူပြင်းတဲ့ရက် ၄ ရက်ကနေ ၁၇ ရက်ကြားရှိလာနိုင်တယ်လို့လည်း ဆိုထားပါတယ်။

မြန်မာနိုင်ငံရဲ့ ရာသီဥတုဆိုင်ရာဘေးဖြစ်နိုင်မှုအားဆန်းစစ်ခြင်း အစီအရင်ခံစာမှာ အဲဒီအတိုင်းဖော်ပြထားတာပါ။

လာမယ့် ၂၀၂၄ ခုနှစ်မှာလည်း ရေချိုအခက်အခဲ ရှိနိုင်သေးတယ်လို့ ရေအရင်းအမြစ်အကြောင်းလေ့လာကာ စာရေးသားလေ့ရှိတဲ့ ထားဝယ်သားစာရေးဆရာ ဦးကျော်ဦးက သူရဲ့ လူမူကွန်ရက်စာမျက်နှာ( Facebook) မှာရေးသားထားပါတယ်။

၂၀၂၃ ခုနှစ်နှောင်းပိုင်း ဒါမှမဟုတ် ၂၀၂၄ ထဲမှာ ဖြစ်လာနိုင်ခြေရှိနေတဲ့ အယ်နီညိုရာသီဥတုဟာ ပိုမိုဆိုးရွား ရေပိုရှားဖွယ်ရှိနေပါတယ်လို့ ဦးကျော်ဦးက ရေးသားထားပါတယ်။
ပြင်ကြီးကျွန်းက ဦးထွန်းတို့ရွာမှာတော့ အခုကတည်းက ရေချိုလုံလုံလောက်လောက် မရတော့လို့ ပင်လယ်ရေငန်ကို ချိုးရေလုပ်သုံးနေကြရပြီ။

“ရေမဝယ်နိုင်တဲ့သူဆိုရင်တော့ (ပင်လယ်ထဲဆင်း) ရေငန်ကိုဆင်းချိုးပြီး ရေချိုကို တစ်ခွက်နှစ်ခွက်လောင်းချလိုက် အဲလိုလုပ်နေကြတဲ့သူလည်းရှိတာပေါ့” လို့ ဦးထွန်းကဆိုပါတယ်။
အခုတော့ ဦးထွန်းတစ်ယောက် အာဏာမသိမ်းခင်က အချိနိလေးကို တမ်းတနေမိပါတော့တယ်။

ရေလာလှူတဲ့အဖွဲ့တွေ ရွာကိုရောက်လာလို့ ‌ရွာသာတွေပျော်ရွှင်နေကြတဲ့မြင်ကွင်းတွေ၊ ကိုယ့်အိမ်ထဲရှိတဲ့ အစားအသောက်တွေချကျွေးကြတဲ့ ကြည်နူးဖွယ်ရာမြင်ကွင်းတွေ။
အခုတော့ အရာအားလုံးက လွမ်းဆွတ်ဖွယ်ရာ။ အရာအားလုံးကို အာဏာသိမ်းမှုက ရိုက်ချိုးဖျက်ခဲ့လေပြီ။

ပြည်သူဟာ စစ်ဘေးစစ်ဒဏ်တွေကြား တစ်နေ့ထက်တစ်နေ့ ပိုပူပြင်းလာတဲ့ ရာသီဥတုဒဏ်ကိုပါ ခါးစည်းခံလာနေကြရပါတယ်။

“အပူချိန်မြင့်တက်တာက ကမ္ဘာကြီးပူနွေးလာလို့ ကမ္ဘာတစ်ဝန်းလုံး ခံစားနေရတာဆိုပေမယ့် မြန်မာနိုင်ငံမှာကျတော့ အာဏာသိမ်းဂယက်‌ကြောင့် နောက်ဆက်တွဲပြဿနာတွေကို သူများ(နိုင်ငံကပြည်သူ) တွေထက် နှစ်ဆပိုးပြီးအထိနာစေတယ်ပေါ့” လို့ ထားဝယ်မြို့ခံ ဦးသန်းလွင်က ပြောဆိုလိုက်ပါတယ်။