ထားဝယ်နှင့် မြိတ်တို့တွင် ကိုဗစ်ကူးစက်သူများ ဆက်တိုက်တွေ့ရှိ

0
2216

ယခုရက်ပိုင်းအတွင်း ထားဝယ်နှင့် မြိတ်မြို့တို့တွင် ကိုဗစ်ကူးစက်ခံရသူများ ဆက်တိုက်တွေ့ရှိလာရကြောင်း သိရသည်။

အတည်ပြုနိုင်သည့် အချက်အလက်များအရ ထားဝယ်မြို့နှင့် မြိတ်မြို့တို့တွင် ကိုဗစ်ပိုးစစ်ဆေးတွေ့ရှိသူ ၅ ဦးအထိ ဆက်တိုက်ရှိလာပြီဖြစ်သည်။

မနေ့ (ဧပြီ ၂၁)က မြိတ်မြို့ ရေပုန်းရပ်ကွက်နေ ကျန်းမာရေးမကောင်းသည့် အသက်တစ်နှစ်ကျော်အရွယ် မိန်းခလေးငယ်တစ်ဦးကို ဆေးရုံတွင်ပြသရာမှ ကိုဗစ်ပိုးတွေ့ရှိခဲ့ကြောင်း နာရေးကူညီမှုအသင်း အချို့ထံမှ သိရသည်။

ယင်းနောက် ဧပြီ ၂၂ ရက်နေ့တွင် အဆိုပါ မိန်းခလေးငယ်၏ အသက် ၁၇ နှစ်ရှိ အစ်မဖြစ်သူထံတွင် ကိုဗစ်ပိုးထပ်မံတွေ့ရှိခဲ့ကြောင်း နာရေးကူညီမှုအသင်းတစ်သင်းမှ အသင်းဝင်တစ်ဦးက ပြောဆိုသည်။

“ပိုးတွေ့တာ ညီအစ်မနှစ်ဦးပါ၊ အိမ်ကိုတော့ home stay အဖြစ် သတ်မှတ်ထားပါတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါ ကိုဗစ်ပိုးတွေ့သူ ညီအစ်မနှစ်ဦးတို့အား မြိတ်ပြည်သူ့ဆေးရုံကြီးတွင် ဆေးဝါးကုသမှုခံယူနေကြောင်း သိရသည်။

ဧပြီလ ၁၉ ရက်နေ့နှင့် ၂၀ ရက်နေ့တို့ကလည်း ထားဝယ်မြို့၌ ကိုဗစ်ပိုးတွေ့သူ သုံးဦးရှိကြောင်း တိုင်းကျန်းမာရေးဦးစီးဌာန ထံမှသိရသည်။

တနင်္သာရီတိုင်းသို့ အသစ်ပြောင်းလာသည့် စစ်ကောင်စီလူမူရေးဝန်ကြီး၊ ထားဝယ်တက္ကသိုလ် ပါမောက္ခချုပ်အပါအဝင် သုံးဦး ကိုဗစ်ပိုးကူးစက်ခံထားရခြင်းဖြစ်သည်။