ဖမ်းဆီးလာသည့် နယ်ထိန်းယာဉ်မောင်း ထွက်ပြေးရန်ကြိုးစား၍ ပစ်ခတ်ရှင်းလင်းခဲ့ရဟု ထုတ်ပြန်

0
2450

ထားဝယ်မြို့နယ် သရက်ငုတ်ရွာအနီးက PDF စစ်ဆေးရေးဂိတ်တွင် ကားရပ်မပေးသဖြင့် ပစ်ခတ်ခံရပြီး နယ်ထိန်းသမီးနှင့် မိခင်အပါအဝင် ၃ ဦး သေဆုံးသည့် ဖြစ်စဉ်တွင် ထွက်ပြေးလွတ်မြောက်သွားသော ယာဉ်မောင်းကို ဖမ်းဆီးရမိခဲ့ကြောင်း ဥဩစစ်ကြောင်း(ထားဝယ်မြို့နယ်)က မနေ့က ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။

သို့သော် စစ်ဆေးမှုလုပ်ရန် ခေါ်ဆောင်လာချိန် လမ်းခရီးတွင် ပြန်လည်ခုခံကာ ထွက်ပြေးသဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

၂၀၂၃ ခုနှစ် ဧပြီလ ၁၉ ရက် နံနက် ၈ နာရီခန့်က ထားဝယ်မှ ကျောက်မဲတောင် ရဲကင်းစခန်းဘက်သို့ မောင်းနှင်လာသည့် ဒုရဲအုပ် နယ်ထိန်းသက်ဇော်ထွန်း၏ မိခင်နှင့်သမီးဖြစ်သူလိုက်ပါလာသည့်ကားမှာ သရက်ငုတ်ရွာအနီးက PDF စစ်ဆေးရေးဂိတ်တွင် စစ်ဆေးဖို့ရပ်တန့်ခိုင်းရာ မရပ်ပေးဘဲ ကားမောင်းပြေးသဖြင့် ပစ်ခတ်ခဲ့ကြောင်း ယင်းထုတ်ပြန်ချက်အရသိရသည်။

ယင်းသို့ ပစ်ခတ်ဖမ်းဆီးရာ ယာဉ်ပေါ်လိုက်ပါလာသူ ဟိန္ဒားပျူစောထီးအဖွဲ့ဝင် အသက် ၃၅ နှစ်အရွယ် ကိုချစ်ကိုနှင့် အသက် ၁၅ နှစ်အရွယ် နယ်ထိန်းသမီး မသဲစု‌ရွှေစင်သေဆုံးခဲ့ပြီး အသက် ၆၀ ခန့်ရှိ နယ်ထိန်းမိခင် ဒေါ်ခင်ပြုံးမြင့်မှာ ကျည်ဆန်ထိမှန်ဒဏ်ရာရရှိခဲ့သည်။

ဒေါ်ခင်ပြုံးမြင့်ကို ဆေးကုသပေးခဲ့သော်လည်း သွေးထွက်လွန်သေဆုံးခဲ့သည်ဟု ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

တောင်သုံးလုံးမှ ပျူစောထီးအဖွဲ့ဝင် ယာဉ်မောင်းကိုထွန်းမောင်မှာမူ ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း သို့သော် ဧပြီလ ၂၀ ရက် နံနက် ၉ နာရီတွင် ပြန်လည်ဖမ်းမိခဲ့သော်လည်း ထွက်ပြေးရန်ကြိုးစားသဖြင့် ပစ်ခတ်ရှင်းလင်းလိုက်ရဟု ထုတ်ပြန်ချက်ကဆိုသည်။

အဆိုပါကားမှာ အသွားတုန်းက ကြည်ဖြူစွာစစ်ဆေးခံခဲ့သော်လည်း နယ်ထိန်းမိခင်နှင် သမီးကိုကြိုပြီးအပြန်တွင် အစစ်ဆေးမခံဘဲ မောင်းပြေးခဲ့ခြင်းဟုဆိုသည်။

စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်များတွင်လည်း အစစ်ဆေးမခံဘဲ မောင်းပြေးသဖြင့်ဆိုကာ ပစ်ခတ်သတ်ဖြတ်မှုများ မကြာခဏဖြစ်ပေါ်နေသည်။