ထားဝယ်နှင့် မြိတ်အကျဉ်းထောင်မှ အကျဉ်းသား ခြောက်ဆယ်ကျော်လွတ်သည်ဟု ကနဦးသိရ

0
2250
ထားဝယ်အကျဉ်းထောင်က ယနေ့လွတ်မြောက်လာသူများ။

စစ်ကောင်စီက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးရာတွင် ထားဝယ်ထောင်နှင့် မြိတ်အကျဉ်းထောင်တို့မှ အကျဉ်းသား၊ အကျဉ်းသူ ၆၃ဦး ပါဝင်ကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူအချို့ထံမှ သိရသည်။

မြန်မာနှစ်ဆန်းတစ်ရက်နေ့ဖြစ်သည့် ယနေ့ ဧပြီလ ၁၇ ရက်တွင် နိုင်ငံတဝန်းရှိ အကျဉ်းထောင်အသီးသီးမှ အကျဉ်းသူ အကျဉ်သား သုံးထောင်ကျော်ကို ခံဝန်ဖြင့် လွတ်ငြိမ်းခွင့်ပေးခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

ထိုသို့ လွတ်ငြိမ်းခွင့်ပေးရာတွင် ထားဝယ်အကျဉ်းထောင်မှ အမျိုးသား ၁၃ ဦးနှင့် အမျိုးသမီး တစ်ဦးတို့ ပြန်လွတ်လာကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

“မနက်ကတည်းက လွှတ်လိုက်ပြီလို့ ပြောတယ်။ ဘာအမှုတွေပါလဲတော့ မသိဘူး” ဟု ၎င်းက ပြောသည်။

မြိတ်အကျဉ်းထောင်တွင်လည်း အမျိုးသား ခုနစ်ဦးနှင့် အမျိုးသမီး သုံးဦးပြန်လွတ်လာပြီး နိုင်ငံရေးအကျဉ်းသားများ မပါဝင်ကြောင်း ထောင်ကျနေသူတစ်ဦး၏ မိခင်ဖြစ်သူက ဆိုသည်။

“မိန်းမကြီးသုံးယောက်ထဲက တုံးဗျောရွာဘက်က တစ်ယောက်ပါတယ်။ ယောင်္ကျားက ခုနစ်‌ယောက်ပါတယ်။ အားလုံးက အသက် လေးဆယ်၊ ငါးဆယ်ကျော်တွေချည်းပဲ” ဟု ၎င်းက ပြောဆိုသည်။

မူးယစ်ဆေးအမှုဖြင့် ထောင်ကျနေသည့် သားဖြစ်သူအား သွားရောက်ကြိုဆိုခဲ့ရာ လွတ်ငြိမ်းခွင့် ၁၀ ဦးအနက် ၎င်း၏သား မပါလာခဲ့ကြောင်း အဆိုပါမိခင်ဖြစ်သူက ပြောသည်။

ထို့အပြင် တနင်္သာရီမြို့နယ်ရှိ ဆင်ဖြူရှင်အလုပ်စခန်း (ရဲဘက်စခန်း) များမှ အကျဉ်းသား ၃၉ဦး ပြန်လည် လွတ်မြောက်လာကြောင်း ကနဦးစုံစမ်းသိရသည်။

ကျောက်ဖြူတောင်နှင့် ရေဖြူအလုပ်စခန်း (ရဲဘက်စခန်း) များမှ လွတ်မြောက်ခြင်းရှိမရှိ မသိရသေးပေ။

လတ်တလောအချက်အလက်များအရ အထက်ပါ အကျဉ်းထောင်နှစ်ခုနှင့် အလုပ်စခန်းတစ်ခုတို့မှ ပြန်လွတ်လာသူအရေအတွက်ကိုသာ သိရသေးပြီး အခြားအကျဉ်းထောင်နှင့် အလုပ်စခန်းများမှ ပြန်လွတ်သူအရေအတွက်ကို စုံစမ်းနေဆဲဖြစ်သည်။

တနင်္သာရီတိုင်းတွင် အကျဉ်းထောင်သုံးခုနှင့် အလုပ်စခန်း သုံးခုရှိသည်။

ယခုတစ်ကြိမ်လွတ်ငြိမ်းခွင့်မှာလည်း ယခင် လွတ်ငြိမ်းခွင့်ပေးချိန်များကအတိုင်းပင် ကန့်သတ်ချက်ဖြင့် ပြန်လွှတ်ခြင်းဖြစ်သည်။

လက်ရှိပြန်လွတ်သူများမှာ ‘နောက်တစ်ကြိမ်ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် လက်ရှိကျခံရန်ကျန်ရှိနေသေးသည့် ပြစ်ဒဏ်များပါ ဆက်လက်ကျခံပါမည်’ ဆိုသည့် ခံဝန်ဖြင့်ပြန်လွှတ်ခြင်းဖြစ်သည်။

ယခင်ကလည်း အခါကြီးရက်ကြီးများတွင် လွတ်ငြိမ်းသက်သာခွင့်ပေးလေ့ရှိသည်။

သို့ရာတွင် နိုင်ငံရေးပုဒ်မဖြင့် ဖမ်းဆီးထောင်ကျခံနေရသူ အနည်းငယ်သာပါဝင်ပြီး ရာဇဝတ်မှုဖြင့် ထောင်ကျခံနေရသူ အများစု ပြန်လွတ်သည့်အတွက် ပြည်သူလူထုအကြား ဝေဖန်မှုများရှိခဲ့သည်။