မဲဆောက်တွင် မြန်မာလုံခြုံရေးဝန်ထမ်းတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး

0
2131

ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ Resort တစ်ခုတွင် လုံခြုံရေးဝန်ထမ်းအဖြစ် လုပ်ကိုင်နေသော မြန်မာအလုပ်သမား တစ်ဦးသည် ယနေ့ နံနက်ပိုင်းက သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ညဘက်လုံခြုံရေးတာဝန်ထမ်းဆောင်နေချိန် ယနေ့ ဧပြီလ ၁၇ရက် နံနက် ၅ နာရီခန့်တွင် ပစ်ခတ်ခံရခြင်းဖြစ်ပြီး ဦးခေါင်းကို ကျည်ထိမှန်ကာ အသက် ၄၂နှစ်အရွယ် မြန်မာအလုပ်သမား သေဆုံးသွားကြောင်း ရေးသားထားသည်။

အဆိုပါ Resort ရှေ့သို့ ခေါင်းစွပ် စွပ်ကာ နှာခေါင်းစည်းတပ်ထားသည် လူငယ်နှစ်ဦး ရောက်ရှိလာပြီး မြန်မာ အမျိုးသမီးတစ်ဦး၏အမည်ကို ထုတ်ပြောကာ ပေးတွေ့ရန် မြန်မာဘာသာစကားဖြင့်ပြောဆိုကြောင်း ဖော်ပြသည်။

တွေ့ခွင့်မရလျှင် အားလုံးကို ပစ်သတ်မည်ဟုလည်း အော်ဟစ်ခြိမ်းခြောက်ပြောဆိုသည်ကြောင်း သေဆုံးသူ၏ လုပ်ဖော်ကိုင်ဖက်တစ်ဦး၏ ပြောဆိုချက်ကို ကိုးကားကာ သတင်းများတွင် ရေးသားထားသည်။

မြန်မာအလုပ်သမားက အဆိုပါလူငယ်နှစ်ဦးကို Resort ထဲ ဝင်ခွင့်မပေးဘဲ အခြားလုပ်ဖော်ကိုင်ဖက်များကို အကူညီတောင်းခံရန် ဖုန်းဆက်နေစဉ် လူငယ်တစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

ရဲစခန်းကို ဖုန်းဆက်သည်ဟုထင်ကာ သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်နိုင်ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။

ပစ်ခတ်ပြီးနောက် လူငယ်နှစ်ဦးမှာ လာရာလမ်းအတိုင်း ထွက်ပြေးသွားသည်ဟု ဆိုသည်။

၎င်းတို့နှစ်ဦးမှာ မြန်မာနိုင်ငံသားများ ဟုတ်မဟုတ် မသိရသေးကြောင်း သတင်းများတွင် ဖော်ပြသည်။

အဆိုပါလူငယ်နှစ်ဦး လာရောက်ရှာဖွေသည့် မြန်မာအမျိုးသမီးမှာ သေနတ်သမားနှစ်ဦးအနက် တစ်ဦး၏ ရည်းစားဟောင်းဖြစ်ပြီး တစ်လခန့်တွဲပြီးနောက် အကြမ်းဖက်ခံရသဖြင့် လမ်းခွဲကာ Resort တွင် လာပုန်းနေစဉ် အခင်းဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း Thairath သတင်းတွင် ရေးသားထားသည်။

မြန်မာအလုပ်သမားမှာ ဦးခေါင်းကို သေနတ်ဖြင့် အနီးကပ် ပစ်ခတ်ခံထားရပြီး အနီးတွင် ဘီယာဘူးခွံနှင့် သေနတ်ကျည်ဆံခွံတို့ကို တွေ့ရှိခဲ့ရသဖြင့် သက်သေအနေနဲ့ ထိုင်းရဲတပ်ဖွဲ့က သိမ်းဆည်းခဲ့ကြောင်း ဖော်ပြသည်။

သေဆုံးသွားသော မြန်မာအလုပ်သမား၏ ရုပ်အလောင်းကို မဲဆောက်ဆေးရုံသို့ ပိုဆောင်ခဲ့ကြောင်း ဆိုသည်။

ထွက်ပြေးသွားသည့် သေနတ်သမားနှစ်ဦးကို ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် ထိုင်းရဲတပ်ဖွဲ့က ခြေရာခံလိုက်လံ ဖမ်းဆီးနေကြောင်း သတင်းများတွင် ဖော်ပြထားသည်။

Ref: Matichon Online, CH 7 News, Thairath, 3 Plus News