တနင်္သာရီမြို့နယ်တွင် တစ်ရက်တည်း တိုက်ပွဲနှစ်ကြိမ်ဖြစ်

0
1984

တနင်္သာရီမြို့နယ်တွင် ဧပြီလ ၁၄ ရက်နေ့က တိုက်ပွဲနှစ်ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိကြောင်း မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဧပြီလ ၁၆ ရက်တွင် ထုတ်ပြန်ထားသည်။

ဧပြီလ ၁၄ ရက် နေ့လယ် ၁၂ နာရီခန့်က လယ်တောင်ယာရွာ ရေသန့်စက်ရုံအနီးသို့ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးလာစဉ် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်ကောင်စီတပ်စစ်ကြောင်းနှင့် မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ တနင်္သာရီကာကွယ်ရေးပျောက်ကျားအဖွဲ့၊ တောင်ပံနီကာကွယ်ရေးပျောက်ကျားအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း ဆိုသည်။

ယင်းနောက် မွန်းလွဲ ၁နာရီခွဲမှ သုံးနာရီအချိန်ထိ ဒုတိယအကြိမ် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

တိုက်ပွဲတွင် စစ်ကောင်စီဘက်က ခြောက်ဦးသေဆုံးကာ နှစ်ဦးထိခိုက်ဒဏ်ရာရပြီး ပြည်သူ့ကာကွယ်ရေးတပ်များ ဘက်ကမူ အထိအခိုက်မရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

“လယ်တောင်ယာရွာဘက်က လက်နက်ကြီးပစ်သံတွေ ကြားရတာပဲ။ ရွာသားတွေရဲ့ အခြေအနေ ဘယ်လိုရှိမလဲ မသိဘူး။ တိုက်ပွဲတွေ ခဏခဏဖြစ်လွန်းလို့ ရွာဘက်တွေမှာတောင် လူသိပ်မရှိကြတော့ဘူး” ဟု တနင်္သာရီမြို့နေ အမျိုးသားတစ်ဦးက ပြောသည်။

တနင်္သာရီမြို့နှင့် လယ်တောင်ယာရွာတို့သည် နှစ်မိုင်ခန့်သာ ကွာဝေးသည်။

စစ်ရေးအခြေအနေများအရ ဒေသခံမိဘပြည်သူများနှင့် ခရီးသွားပြည်သူများအနေဖြင့် သတိရှိစွာ သွားလာနေထိုင်ပေးကြရန် မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေးထုတ်ပြန်ထားသည်။