တနင်္သာရီတိုင်းက စစ်အုပ်ချုပ်ရေးဒေသတွင် သင်္ကြန်ရေကစား မဏ္ဍပ်များ ဆောက်လုပ်ခြင်းမရှိ

0
2282

တနင်္သာရီတိုင်းရှိ မြို့ကြီးသုံးမြို့တွင် စစ်ကောင်းစီကသင်္ကြန်မဏ္ဍပ်များ ဆောက်နေသော်လည်း စစ်အုပ်ချုပ်ရေးကြေညာထားသည့် မြို့နှစ်မြို့တွင်မူ မဏ္ဍပ်များမရှိကြောင်း မြို့ခံအချို့ကပြောသည်။

စစ်အုပ်ချုပ်ရေးကြေညာထားသည့် တနင်္သာရီမြို့နှင့် ပုလောမြို့ခံများကို ဧပြီလ ၇ ရက်က ဆက်သွယ်မေးမြန်းကြည့်ရာ ၎င်းတို့မြို့တွင် သင်္ကြန်မဏ္ဍပ်များမရှိသလို၊ ‌သင်္ကြန်ရေသေနတ် ရောင်းသူပင်မရှိကြောင်း ပြောဆိုကြသည်။

“သင်္ကြန်နဲ့ပတ်သက်ပြီး ဘာမှကိုမရှိဘူး။ မဏ္ဍပ်လည်းမရှိဘူး။ ရေသေနတ်တောင် ရောင်းဖို့ကြောက်နေကြတာ” ဟု ပုလောမြို့ခံတစ်ဦးကဆိုသည်။

တနင်္သာရီမြို့တွင်လည်း အလားတူပင် သင်္ကြန်မဏ္ဍပ်များမရှိဟုဆိုသည်။ သင်္ကြန်ပစ္စည်းရောင်းသူမှာမူ တစ်ဦးစ၊ နှစ်ဦးစရှိကြောင်း မြို့ခံအချို့ကပြောသည်။

“သင်္ကြန်ပစ္စည်းတွေကလည်း ဝယ်တဲ့သူသိပ်မရှိဘူး။ ကလေးပစ္စည်းတွေလောက်ပဲ နဲနဲပါးပါးဝယ်‌နေတာ တွေ့တယ်” ဟု မြို့ခံတစ်ဦးကဆိုသည်။

တနင်္သာရီတိုင်း စစ်ကောင်စီကမူ ယခုနှစ်သင်္ကြန်ကို စည်စည်ကားကား ကျင်းပမည်ဟုပြောဆိုထားပြီး ထားဝယ်၊ မြိတ်၊ ကော့သောင်းခရိုင်မြို့ကြီးများတွင် စစ်ကောင်စီက သင်္ကြန်မဏ္ဍပ်များဆောက်လုပ်နေသည်။

အလားတူ လောင်းလုံး၊ သရက်ချောင်းမြို့တို့တွင်လည်း သင်္ကြန်မဏ္ဍပ်ဆောက်ရန် ပြင်ဆင်နေကြကြောင်း မြို့ခံအချို့ကပြောသည်။

ရေဖြူမြို့တွင်မူ သင်္ကြန်မဏ္ဍပ်ဆောက်ထားသည်ကို မတွေ့ရသေးကြောင်း မြို့ခံတစ်ဦးကပြောသည်။

စစ်အုပ်ချုပ်ရေးကြေညာထားသည့် မြို့နယ်နှစ်ခုတွင်သင်္ကြန်ပွဲကျင်းပခွင့်ရှိ၊ မရှိ‌ စစ်ကောင်စီ၏ တနင်္သာရီတိုင်း ပြောရေးဆိုခွင့်ရှိသူကို မေးမြန်းရာတွင် ၎င်းမြို့နယ်နှစ်ခုတွင် သက်ဆိုင်ရာ စစ်နယ်မြေမှူးခန့်အပ်ထားသဖြင့် သင်္ကြန်ပွဲကျင်းပခြင်းသည်လည်း စစ်နယ်မြေမှူးအပေါ်တွင်သာ မူတည်ကြောင်းပြောဆိုသည်။

“အဲဒီမြို့နယ်တွေမှာ စစ်နယ်မြေမှူးတွေ ခန့်ထားတာရှိတယ်။ နယ်‌မြေမှူးတွေသဘောအတိုင်း လုပ်မှာပေါ့။ ကိုယ်တို့ကတော့ ဝင်မစွက်ဖက်ဘူး” ဟု ၎င်းကဆိုသည်။

စစ်အုပ်ချုပ်ရေး(မာရှယ်လော) နယ်မြေထဲတွင် စစ်နယ်မြေမှူး၏အမိန့်မရဘဲ လူငါးဦးထက်ပိုစုခွင့်မရှိသည့်အပြင် ည ၈ နာရီမှ နံနက် ၅ နာရီအတွင်း ညမထွက်ရအမိန့်ကို ထုတ်ပြန်ထားသည်။

“ကလေးတွေကိုတောင်မှာထားရတယ်။ ရေမကစားကြဖို့။ လူစုလူဝေးနဲ့ဆိုရင် ဖမ်းလို့ရတယ်ဆိုတော့ အဲလိုမျိုးဖြစ်မှာစိုးလို့ပါ။ ကလေးကလည်းရေကစားချင်တယ်တဲ့။ ကိုယ့်ခြံထဲမှာပဲကစားလို့ပြောထားရတယ်” ဟု ပုလောမြို့ခံတစ်ဦးကဆိုသည်။

၂၀၂၂ ခုနှစ်က စစ်ကောင်စီကကျင်းပသည့် သင်္ကြန်ပွဲတော်တွင် ပြည်သူများပါဝင်ဆင်နွှဲခြင်းမပြုရန် ဒေသတွင်းတော်လှန်ရေးအင်အားစုများက ထုတ်ပြန်ချက်များထုတ်ပြန်ကာ တိုက်တွန်းနှိုဆော်ခဲ့ပြီး ပြည်သူများကလည်း သင်္ကြန်ပွဲတော်တွင် ပါဝင်ဆင်နွှဲခြင်းမရှိကြပေ။

ယခုနှစ်တွင်မူ ပြည်သူ့ကာကွယ်ရေးတပ်များက သင်္ကြန်ပွဲတော်နှင့်ပတ်သက်၍ ထုတ်ပြန်ခြင်းမရှိသေးပေ။