ချင်းမိုင်တွင် လေထုညစ်ညမ်းမှု ပိုမိုပြင်းထန်လာသောကြောင့် နေအိမ်မှာသာ အလုပ်လုပ်ကြရန် တိုက်တွန်း

0
2127
Photo - Thai PBS World

ဒေသတွင်း လေထုညစ်ညမ်းမှုသည် အန္တရာယ်အဆင့်အထိ မြင့်တက်နေခြင်းကြောင့် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ဒေသတွင်း နေထိုင်သူများကို အိမ်ထဲမှာသာ နေထိုင်ပြီး အလုပ်လုပ်ကြရန် ဒေသန္တရ အာဏာပိုင်များက ဧပြီ ၇ ရက်နေ့တွင် တိုက်တွန်းကြေညာခဲ့သည်။

ဒေသအတွင်းရှိ ပုဂ္ဂလိကနှင့် အစိုးရ ဆိုင်ရာ အဖွဲ့အစည်းများကိုလည်း နေအိမ်မှ အလုပ်လုပ်၍ရသော ဝန်ထမ်းများအား အိမ်မှ အလုပ်လုပ်ခွင့်ပြုရန် တောင်းဆိုထားသည်။

ထိုင်းနိုင်ငံတွင်း ကမ္ဘာလှည့်ခရီးသည်များ လည်ပတ်ရာ နေရာတစ်ခုဖြစ်သည့် ယင်းဒေသသည် တောမီးနှင့် ရိတ်သိမ်းပြီးနောက် စိုက်ခင်းအမှိုက် မီးရှို့ခြင်း တို့ကြောင့် မကြာသေးမီ ရက်သတ္တပတ်များအတွင်း မီးခိုးမြူများ ဖုံးလွှမ်းခဲ့သည်။

ပြီးခဲ့သည့် သောကြာနေ့နံနက်တွင် လေကြောင်းစောင့်ကြည့်ရေးဝက်ဘ်ဆိုဒ် IQAir သည် ချင်းမိုင်ကို ကမ္ဘာပေါ်တွင် လေထုညစ်ညမ်းမှုအရှိဆုံးမြို့အဖြစ် အဆင့်သတ်မှတ်ခဲ့ပြီး အဆိုပါ အနေအထားသည် ပုံမှန် လေထုညစ်ညမ်းမှု အမြင့်ဆုံးမြို့များအဖြစ် ရပ်တည်နေခဲ့သည့် ဒေလီနှင့် လာဟိုး တို့ကဲ့သို့ မြို့များကို ကျော်လွန်ကာ သတ်မှတ်ခံခဲ့ရခြင်း ဖြစ်သည်။

ကျန်းမာရေးအတွက် အန္တရာယ်ရှိသည့် PM2.5 အမှုန်အမွှားများ သည် အဆိုပါ ဒေသတွင်း လေထုထဲတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ နှစ်စဉ်လမ်းညွှန်ချက်ထက် ၆၆ ဆ ကျော် ပိုများနေကြောင်း IQAir ၏ အချက်အလက်များအရ သိရသည်။

ဒေသတွင်း လေထုညစ်ညမ်းမှု အခြေအနေ ပိုမိုပြင်းထန်လာသောကြောင့် အဆိုပါ ထုတ်ပြန်ချက်ကို တနင်္ဂနွေနေ့အထိ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၊ ယင်းအခြေအနေနှင့် ပတ်သက်ပြီး ပြောင်းလဲမှု တစုံတရာရှိပါက ပြည်သူများထံ အသိပေးသွားမည် ဖြစ်ကြောင်း ချင်းမိုင်ဒေသ အုပ်ချုပ်ရေးမှူး နီရတ် ပွန်စစ်တာဝါန် က ပြောကြားခဲ့သည်။

တချိန်တည်းမှာပင် ချင်းရိုင်ဒေသ၊ မယ်ဆိုင်ခရိုင်မှာလည်း လေထုညစ်ညမ်းမှု လျော့နည်းသွားသည့် လက္ခဏာမပြသေးသောကြောင့် ယနေ့တိုင် မီးခိုးမြူများ ဖုံးလွှမ်းနေဆဲဖြစ်သည်။ ဧပြီလ ၇ရက်နေ့တိုင်းတာချက်အရ ၂၄ နာရီအတွင်း အဆိုပါ မြို့အတွင်း ပျမ်းမျှ PM2.5 ဖုန်မှုန့်ပါဝင်မှုပမာဏသည် ၃၀၀မိုက်ခရိုရွန်ထက် ကျော်လွန်ခဲ့သည်။

မယ်ဆိုင်ခရိုင် ၊ စည်ပင်သာယာရေးနယ်နိမိတ်အတွင်း နေထိုင်သည့် ဒေသခံ အများအပြားသည် မြန်မာနိုင်ငံမှ တောမီးလောင်ကျွမ်းမှုများမှတစ်ဆင့် မီးခိုးမြူများ တိုးလာမည်ကို စိုးရိမ်သဖြင့် ညဘက်တိုင်း သတိထားနေကြရကြောင်း ခရိုင်တာဝန်ရှိသူများက ပြောသည်။

မကြာသေးမီက ဘန်ဟွာဖိုင်ရွာရှိ ဘုန်းတော်ကြီးကျောင်းနောက်တွင် ဖြစ်ပွားခဲ့သည့် မီးလောင်မှုကို ထိန်းချုပ်နိုင်ရန် ဖာမွန် စေတနာ့ဝန်ထမ်းအဖွဲ့မှ တပ်ဖွဲ့ဝင်များက ကူညီပေးခဲ့သည်။

ထိုင်းနိုင်ငံ မြောက်ပိုင်းတွင် ယနေ့နှင့် မနက်ဖြန်တွင် တိုက်ခတ်နိုင်ချေ ရှိသည့် နွေမုန်တိုင်းသည် ချင်းရိုင်ဒေသ ကို လွဲချော်သွားနိုင်သည့်အတွက် ၎င်းဒေသ၏ မယ်ဆိုင်ခရိုင်တွင် လေထုညစ်ညမ်းမှု ဆက်လက် ရှိနေနိုင်သည်ဟု တာဝန်ရှိသူများက ပြောသည်။

Reference ● Thai PBS World ● The Straits Times