တစ်ပတ်အတွင်း မြန်မာ့ရေးရာ

0
2217

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဧပြီလ ၂ ရက်နေ့ မှ ၈ ရက်နေ့အထိ

ရွှေကုက္ကိုအနီးတိုက်ပွဲကြောင့် မြန်မာရှစ်ထောင်ကျော် ထိုင်းဘက်သို့ ထွက်ပြေးရ

ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုမြို့သစ်အနီးမှာ တိုက်ပွဲတွေပြင်းထန်နေတာကြောင့် ဒေသခံရှစ်ထောင်ကျော်ဟာ သောင်ရင်းမြစ်ကိုဖြတ်ကူးပြီး ထိုင်းနိုင်ငံ မဲဆောက်ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ထွက်ပြေးကြရသူတွေထဲမှာ ကလေးငယ်လည်း ရှစ်ရာကျော် ပါဝင်နေပါတယ်။

ရွှေကုက္ကိုမြို့သစ်အနီးက စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်စခန်းနှစ်ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေအပါအဝင် မဟာမိတ်တပ်တွေက ဧပြီလ ၅ ရက် နံနက်ပိုင်းမှာ ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့တာပါ။

အဲဒီနောက် စစ်ကောင်စီဘက်က လက်နက်ကြီးအပြင် လေကြောင်းကပါ ပြန်လည်တိုက်ခိုက်ခဲ့တာကြောင့် နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်လာပါတယ်။ တရုတ်ကာစီနိုလောင်းကစားရုံတွေနဲ့ နာမည်ကြီးနေတဲ့ ရွှေကုက္ကိုမြို့သစ်မှာပါ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားခဲ့ပါတယ်။ 

အဲဒါကြောင့် အနီးအနားကျေးရွာတွေက ဒေသခံတွေဟာ ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးကြရတာပါ။

လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံတွေကို ထိုင်းနိုင်ငံဘက်ခြမ်းကနေတောင် ကြားနေကြရတယ်လို့ ဆိုပါတယ်။

တိုက်ပွဲတွေအတွင်း BGF ဘက် ၈၀ ကျော်သေဆုံးပြီး ၆၀ ကျော် ဒဏ်ရာရတဲ့အပြင် လက်နက်အလက်လည်း ၇၀ ကျော် သိမ်းဆည်းရမိတယ်လို့ ခြင်္သေ့စစ်ကြောင်းက ဧပြီလ ၇ရက်မှာ ထုတ်ပြန်ထားပါတယ်။

……………………………………

အာရှလမ်းမကြီး နှစ်ပတ်ကြာ ဖြတ်သန်းသွားလာခွင့်ပိတ်

ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး အဓိကလမ်းကြောင်းဖြစ်တဲ့ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးကို နှစ်ပတ်ကြာ ဖြတ်သန်းသွားလာတာ မလုပ်ကြဖို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ မြေပြင်ပူးပေါင်း စစ်ကြောင်းတွေက တားမြစ်လိုက်ပါတယ်။

အဲဒီနေရာမှာ မတ်လ ၂၅ ရက်ကနေ တိုက်ပွဲတွေ ဖြစ်ပွားနေတာဖြစ်ပြီး စစ်ကောင်စီဘက်က အထိနာနေတယ်လို့ ဆိုပါတယ်။

အဲဒါကြောင့် အရပ်သားပြည်သူတွေရဲ့ ကားတွေကို အသုံးပြုပြီး လူအင်အား၊ လက်နက်ခဲယမ်းနဲ့ စားနပ်ရိက္ခာတွေကို ပို့ဆောင်နေတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ဧပြီလ ၇ရက်ကနေ ၂၁ ရက်အထိ ပြည်သူတွေအနေနဲ့ အဲဒီလမ်းကို ဖြတ်သန်းသွားလာတာ လုံးဝ မလုပ်ကြဖို့ မြေပြင်စစ်ကြောင်းတွေက ပူးတွဲထုတ်ပြန်တားမြစ်လိုက်တာပါ။

အဲဒီထုတ်ပြန်ချက်မှာ ပူးပေါင်းပါဝင် လက်မှတ်ထိုးခဲ့တဲ့ ဗျူဟာမှူး စောလက်ကိုင်နဲ့ တပ်ရင်းမှူး စောကျော်ဂရောင်းတို့ကို KNU/KNLA (PC) ထုတ်ပယ်ခဲ့ပါတယ်။ KNU/KNLA (PC) ဟာ NCA လက်မှတ်ထိုးထားတဲ့အဖွဲ့ဖြစ်ပြီး လက်ရှိမှာ စစ်ကောင်စီနဲ့ ဆွေးနွေးနေတဲ့အဖွဲ့ထဲက တစ်ဖွဲ့ဖြစ်ပါတယ်။

……………………………………

မြန်မာ့အရေးဆုံးဖြတ်ချက် ကုလ လူ့အခွင့်အရေးကောင်စီအတည်ပြု

ဥရောပသမဂ္ဂက တင်သွင်းတဲ့ မြန်မာ့လူ့အခွင့်အရေးအခြေအနေဆုံးဖြတ်ချက် မူကြမ်းတစ်ရပ်ကို ကုသမဂ္ဂလူ့အခွင့်အရေးကောင်စီက ဧပြီလ ၄ ရက်နေ့မှာ မဲခွဲဆုံးဖြတ်ပြီး အတည်ပြုလိုက်ပါတယ်။

အရပ်သားပြည်သူတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေ အပါအဝင် တိုက်ခိုက်မှုအားလုံးကို ချက်ချင်းရပ်တန့်ဖို့ တောင်းဆိုထားသလို စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုလည်း ရှုတ်ချထားပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးခံထားရသူတွေ အားလုံးကို ချက်ချင်းလွှတ်ပေးဖို့လည်း တောင်းဆိုထားပါတယ်။

နိုင်ငံတကာအနေနဲ့ မြန်မာစစ်ကောင်စီတပ်ကို လက်နက်တွေ မရောင်းချကြဖို့၊ လက်နက်တွေ တရားမဝင် တင်ပို့တာတွေ မလုပ်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ အဲဒီဆုံးဖြတ်ချက်ဟာ အချုပ်အခြာအာဏာပိုင်နိုင်ငံကို ဝင်ရောက်စွက်ဖက်တာဖြစ်တဲ့အတွက် ဆန့်ကျင်ပယ်ချတယ်လို့ ဧပြီလ ၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

……………………………………

မတ်လထဲမှာ နေအိမ်လေးထောင်ကျော် မီးရှို့ခံရ

ပြီးခဲ့တဲ့ မတ်လတစ်လထဲမှာ အရပ်သားပြည်သူတွေရဲ့ နေအိမ်လေးထောင်သုံးရာကျော် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဆိုပါတယ်။

မတ်လအတွင်း စစ်ကောင်စီတပ်က တိုင်းနဲ့ ပြည်နယ် ၁ဝခုမှာ မီးရှို့ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ NUG ရဲ့ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတာပါ။

အဲဒီထဲမှာ စစ်ကိုင်းတိုင်းကတော့ အများဆုံးဖြစ်ပြီး နေအိမ်သုံးထောင်တစ်ရာကျော် မီးရှို့ခံရပါတယ်။ မန္တလေးတိုင်းမှာ ၂၉၄ လုံး၊ မကွေးတိုင်းမှာတော့ ၂၄၆ လုံးနဲ့ အစဉ်အလိုက် အများဆုံးစာရင်းမှာ ပါဝင်နေကြပါတယ်။

ဘာသာရေးအဆောက်အအုံ နှစ်လုံးနဲ့ စာသင်ကျောင်းနှစ်ဆောင်လည်း မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။ မီးရှို့မှု အကြိမ်ရေ ၁၀၂ ကြိမ်ရှိပြီး အရပ်သားပြည်သူ ၃၈ ဦးလည်း သေဆုံးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

……………………………………

ပျက်အစဉ် လာခဏ လျှပ်စစ်မီး

မြန်မာနိုင်ငံတစ်ဝန်း လျှပ်စစ်ဓာတ်အား မကြာခဏပြတ်တောက်နေတဲ့အတွက် ပြည်သူတွေ အခက်အခဲတွေနဲ့ ကြုံတွေ့နေကြရပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်းကနေ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုပြဿနာကို ပြည်သူတွေ ပိုမိုခံစားနေကြရတာပါ။ လက်ရှိကာလမှာတော့ လျှပ်စစ်မီးက အချိန်ပိုင်း အလှည့်ကျရနေပေမယ့် အချိန်မှန်မလာတာ၊ မကြာခဏ လျှပ်စစ်မီးပြတ်တောက်မှုတွေလည်း ကြုံတွေ့ရတယ် လျှပ်စစ်မီးသုံးစွဲသူ ပြည်သူတွေက ပြောဆိုနေကြပါတယ်။

ဒါကြောင့် လျှပ်စစ်အားကိုးပြီး ချက်ပြုတ် လျှော်ဖွတ်ရတာ၊ ရေတင်ရတာ စတာတွေမှာ အခက်အခဲများစွာ ကြုံတွေ့နေရတဲ့အပြင် အသေးစား၊ အလတ်စား လုပ်ငန်းတွေဆိုရင်လည်း အခက်အခဲ အကြီးအကျယ် ကြုံတွေ့နေကြရတာပါ။

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းကတော့ လျှပ်စစ်မီး မကြာခဏ ပြတ်တောက်ရတဲ့ အကြောင်းအရင်းတွေကို ဧပြီလ ၁ရက်က ထုတ်ပေးပြန်အသိပေးထားပါတယ်။

နွေရာသီရောက်တာကြောင့် လျှပ်စစ်ထုတ်လုပ်မှု လျော့ကျတာ၊ မဟာဓာတ်အားလိုင်းတွေ အကြိမ်ကြိမ်ဖောက်ခွဲ တိုက်ခိုက်ခံရတာ၊ တာဝါတိုင်တွေပြုပြင်ရာမှာ လုံခြုံရေးအခြေအနေအရ အချိန်ကြာမြင့်တာ၊ လျှပ်စစ်သုံးစွဲမှု ဝန်အားလျှော့ချရတာတွေကြောင့်လို့ ဆိုပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌကလည်း လျှပ်စစ်ဓာတ်အားလိုအပ်ချက်က အကြီးမားဆုံး စိန်ခေါ်မှုဖြစ်တယ်လို့ ပြောဆိုပြီး ၂၀၂၅ မှာ ဓာတ်အားလုံလုံလောက်လောက် ရအောင် လုပ်မယ်လို့လည်း ပြောဆိုတယ်လို့ စစ်ကောင်စီလက်အောက်ခံ နိုင်ငံပိုင်သတင်းစာ အယ်ဒီတာ့အာဘော်မှာ ဖော်ပြပါတယ်။

……………………………………

ရွေးကောက်ပွဲကော်မရှင် အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခံရ

စဈကောငစြီက ဖှဲ့စညြးထားတဲ့ ပှညထြောငစြုရှေးကောကပြှဲကောမြရှငကြို အကှမြးဖကအြဖှဲ့အစညြးအဖှဈ အမွိုးသားညီညှတရြေးအစိုးရ NUG က ကှညောလိုကပြါတယြ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအပါအဝင် ပြန်လည်မှတ်ပုံမတင်တဲ့ နိုင်ငံရေးပါတီ ၄၀ ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဖျက်သိမ်းကြောင်းကြေညာပြီး တစ်ပတ်အကြာ ဧပြီလ ၄ ရက်နေ့မှာ NUG က အခုလို ကြေညာလိုက်တာပါ။

ကော်မရှင်ဟာ ဒီမိုကရေစီနည်းလမ်းတကျဆောင်ရွက်နေတဲ့ နိုင်ငံရေးပါတီတွေကို ဖျက်သိမ်းတာ၊ တိုင်းရင်းသား ပြည်သူအများစုက လက်ခံသဘောတူညီမှု မရှိတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ တည်မြဲအောင် ဆောင်ရွက်တာ၊ စစ်ကောင်စီနဲ့ သူတို့ကို ထောက်ခံတဲ့ နိုင်ငံရေးပါတီတချို့ တရားမဝင် ဖြတ်လမ်းနည်းနဲ့ အာဏာရအောင် လုပ်နေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ အကြမ်းဖက်မှုလုပ်ငန်းစဉ်တွေမှာ ပူးပေါင်းဆောင်ရွက်နေတာတွေကြောင့် အခုလို ကြေညာလိုက်ရတာလို့ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီဘက်ကလည်း NUG နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားပါတယ်။

……………………………………

ရန်ကုန်လေဆိပ်ဝင်း ပစ်ခတ်ခံရပြီးနောက် လုံခြုံရေးတင်းကျပ်

ရန်ကုန်မြို့တော် မင်္ဂလာဒုံ အပြည်ပြည်ဆိုင်ရာလေဆိပ်ဝင်းထဲက လေတပ်စခန်းနဲ့ လေဆိပ်ဝင်းထဲက နေရာတချို့ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခံရပြီးနောက် လုံခြုံရေး တိုးမြှင့်တင်းကျပ်လိုက်ပါတယ်။

ဧပြီလ ၆ ရက်နေ့ ညနေ ၉ နာရီကျော်မှာ ရှော့တိုက်ဒုံး ငါးလုံးခန့် ပစ်ခတ်ခံရတာဖြစ်ပြီး ပေါက်ကွဲသံတွေ ကြားရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ မီးလောင်ပျက်စီးတာတွေလည်း ရှိတယ်ဆိုပေမယ့် ထိခိုက်ပျက်စီးမှု အခြေအနေကို တိတိကျကျ မသိရသေးပါဘူး။

ဒီပစ်ခတ်မှုဖြစ်ပြီးနောက် လုံခြုံရေးအင်အားတိုးချပြီး လေဆိပ်ရှေ့က လမ်းတွေနဲ့ အနီးတစ်ဝိုက်ကို ပိတ်ဆို့စစ်ဆေးတာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ပစ်ခတ်ခံရချိန် လေဆိပ်ကို ယာယီပိတ်ထားခဲ့ပေမယ့် နောက်တစ်ရက် နံနက်မှာ ပြန်လည်ဖွင့်လှစ်ပေးခဲ့တယ်လို့ သိရပါတယ်။

အခုတိုက်ခိုက်မှုကို ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာ မသိရသေးပါဘူး။

……………………………………

အောင်မြေသာစံဖက်ဒရယ်ကျောင်းက ဆရာ ဆရာမတွေ အဖမ်းခံရ

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ကြားကာလ ပညာသင်ကြားရေးကျောင်းတစ်ကျောင်းဖြစ်တဲ့ မန္တလေး အောင်မြေသာစံ ဖက်ဒရယ်ကျောင်းက ဆရာ၊ ဆရာမ ၁၅ ဦးကို စစ်ကောင်စီက ဖမ်းဆီးထားပါတယ်။ 

အွန်လိုင်းကနေ တရားမဝင် စာသင်ကြားပေးနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခဲ့တာပါ။ ပြီးခဲ့တဲ့ မတ်လ ၂၂ ရက်က ဖမ်းဆီးလိုက်တာလို့ ဧပြီလ ၅ ရက်ထုတ် စစ်ကောင်စီလက်အောက်ခံ နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြပါတယ်။

ကျောင်းကရရှိသည့် ငွေကြေးကို PDF တွေကို ထောက်ပံ့တယ်လို့လည်း စွပ်စွဲထားပါတယ်။

ဒါ့အပြင် အဲဒီကျောင်းမှာ ကျောင်းအပ်နှံခဲ့တဲ့ ကျောင်းသားမိဘတွေနဲ့ ကျောင်းသူ၊ ကျောင်းသားတွေကိုလည်း ဖော်ထုထ်အရေးယူမယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက ကျောင်းသားမိဘဟန်ဆောင် ကျောင်းအပ်ပြီး စုံစမ်းရှာဖွေ ဖမ်းဆီးခဲ့တာလို့ ပြည်တွင်းသတင်းတချို့မှာ ဖော်ပြပါတယ်။

ပညာသင်ကြားပေးနေတဲ့ ဆရာ၊ ဆရာမတွေကို ဖမ်းဆီးတာဟာ လူတိုင်းလွတ်လပ်စွာ ပညာသင်ကြားခွင့်ကို ချိုးဖောက်တာဖြစ်လို့ ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်တယ်လို့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

……………………………………

ရဲစခန်းတွေ တိုက်ခိုက်ခံရ

ယခုသီတင်းပတ်အတွင်း မကွေးနဲ့ စစ်ကိုင်းမှာ ရဲစခန်းနဲ့ လုံခြုံရေးယူထားတဲ့နေရာ ခြောက်ခုထက် မနည်း တိုက်ခိုက်ခံခဲ့ရပါတယ်။

မကွေးတိုင်းမှာဆိုရင် ရေစကြိုမြို့နယ်ထဲက မအူရဲစခန်း၊ ဂန့်ဂေါမြို့နယ်ထဲက ကန်နယ်မြေ ရဲစခန်းတို့ တိုက်ခိုက်ခံခဲ့ရတာပါ။

မအူရဲစခန်းကို ဧပြီလ ၃ရက် နံနက်က ဒေသပြည်သူ့ကာကွယ်ရေးတပ်တွေ ဝင်ရောက် တိုက်ခိုက်ခဲ့တာဖြစ်ပြီး စခန်းမှူးအပါအဝင် တပ်ဖွဲ့ဝင် ခုနစ်ဦးသေဆုံးပြီး လက်နက်တချို့ သိမ်းယူနိုင်ခဲ့တယ်လို့ PDF ဘက်က ထုတ်ပြန်ထားပါတယ်။

PDF ဘက်က တပ်ဖွဲ့ဝင် နှစ်ဦး အနည်းငယ်ထိခိုက်ဒဏ်ရာရတယ်လို့ ဆိုပါတယ်။ ရဲစခန်းကို မီးရှို့နေချိန် ရဟတ်ယာဉ်နဲ့ လာပစ်လို့ နောက်ဆုတ်ခဲ့ရလို့ အဆောက်အအုံအချို့ကိုပဲ မီးရှို့နိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ကန်နယ်မြေရဲစခန်းကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်တွေက မတ်လ ၃၁ ရက်က ဝင်ရောက်တိုက်ခဲ့ပါတယ်။ စခန်းသိမ်းလို့ ရခါနီးမှာ လေကြောင်းကနေ လာရောက်တိုက်ခိုက်လို့ ဆုတ်ခွာခဲ့ရပြီး နှစ်ဖက်စလုံးက ထိခိုက်ကျဆုံးတာရှိတယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်းမှာဆိုရင် ဆားတောင်မြို့ရဲစခန်း ဧပြီလ ၂ရက်နေ့က တိုက်ခိုက်ခံခဲ့ရပါတယ်။ မန္တလေး-ရွှေဘိုလမ်းမှာ ကားတွေဆီကနေ ငွေကြေးတောင်းခံနေတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်တွေက တိုက်ခိုက်ခဲ့တာလို့ဆိုပြီး ရဲနှစ်ဦး သေဆုံးတယ်လို့ PDF တွေဘက်က ဆိုပါတယ်။

ရွှေဘိုမြို့နယ်မှာလည်း မြို့အထွက် တက္ကသိုလ်ရှေ့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဧပြီလ ၂ရက်နေ့မှာ PDF တွေက ကားနှစ်စီးနဲ့ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။ ဒီဖြစ်စဉ်မှာတော့ PDF ဘက်က နှစ်ဦးကျဆုံးပြီး စစ်ကောင်စီဘက်က ခြောက်ဦး သေဆုံးတယ်လို့ ဆိုပါတယ်။

အလားတူ အဲဒီနေ့ မနက်ပိုင်းမှာပဲ မုံရွာမြို့ မြဝတီဘဏ်မှာ လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို PDF တွေက ပစ်ခတ်ခဲ့ပါသေးတယ်။

……………………………………

ငှက်ဖျားကူးစက်မှု ရာခိုင်နှုန်းတစ်ထောင်ကျော် ထိုးတက်သွားပြီ

မြန်မာနိုင်ငံအရှေ့ပိုင်းမှာ ၂၀၂၀ ပြည့်နှစ်ကစလို့ ငှက်ဖျားရောဂါဖြစ်ပွားနှုန်းဟာ တစ်ထောင်ရာခိုင်နှုန်းကျော်အထိ ထိုးတက်သွားပါတယ်။

ဒါကြောင့် ၂၀၃၀ မှာ ငှက်ဖျားရောဂါကင်းစင်ရေးစီမံချက်အတွက် ထိုးနှက်ချက်ဖြစ်တယ်လို့ Shoklo Malaria Research Unit (SMRU) ရဲ့ အချက်အလက်တွေကို ကိုးကားပြီး ဗြိတိန်သတင်းဌာနတစ်ခုဖြစ်တဲ့ The Telegraph မှာ ဖော်ပြပါတယ်။

တောတောင်ထူထပ်ပြီး စစ်ဘေးဒဏ်ကိုပါ ခံစားနေရတဲ့ ကရင်ပြည်နယ်မှာ ၂၀၁၉၊ ၂၀၂၀ တွေမှာ ငှက်ဖျားကူးစက်မှု ရှစ်ထောင်လောက်ပဲရှိပေမယ့် ၂၀၂၁ မှာ သုံးသောင်းနှစ်ထောင် လောက်ရှိလာပါတယ်။ 

၂၀၂၁ ဇန်နဝါရီလမှာ ငှက်ဖျားဖြစ်ပွားသူ ၃၉၉ ဦးပဲရှိပေမယ့် ဒီနှစ် ၂၀၂၃ ဇန်နဝါရီလမှာ ဆိုရင် ၄၅၀၀ ကျော်အထိ ရှိလာပါတယ်။ ကရင်မြောက်ပိုင်းမှာ ပြင်းထန်တဲ့ ငှာဖျားကူးစက်မှုအသစ်တွေလည်း တွေ့နေတယ်လို့ ဆိုပါတယ်။

ကိုဗစ်ကပ်ရောဂါဖြစ်ပွားပြီးနောက်မှာ ကျန်းမာရေးစောင့်ရှောက်မှုတွေ အားနည်းသွာလို့ ငှက်ဖျားရောဂါ ပြန်လည် မြင့်တက်လာပြီး အာဏာသိမ်းမှုကြောင့် လက်နက်ကိုင်ပဋိပက္ခကြောင့်လည်း တောတောင်တွေထဲ ထွက်ပြေးကြရတဲ့အတွက် ရောဂါကူးစက်မှု ပိုများလာနေတာပါ။

……………………………………