မြိတ်တွင် ရေရှားပါးသည့်ရပ်ကွက်ပိုများလာ၊ သောက်သုံးရေဂါလံ တစ်သိန်းနီးပါးအထိဖြန့်ဝေ

0
2040
ဓာတ်ပုံ - ရွှေရောင်နေ့သစ် လူမှုအထောက်အကူပြုအသင်း။

မြိတ်မြို့တွင် ရေရှားပါးသည့်ရပ်ကွက် ပိုများလာပြီး သောက်သုံးရေဂါလံ တစ်သိန်းနီးပါးအထိ ဖြန့်ဝေထားပြီးဖြစ်ကြောင်း ပရဟိတအသင်းအချို့ထံမှ သိရသည်။

ပြီးခဲ့သည့် မတ်လ ၂၃ ရက်နေ့မှစပြီး ရေပုန်းနယ်မြေအတွင်းရှိ ကျားတွင်းအရှေ့၊ အဏ္ဏဝါ၊ ငြိမ်းချမ်းရေး၊ အင်းလေးမြိုင်ရပ်ကွက်တို့တွင် ရေရှားပါးမှုဖြစ်ပေါ်ခဲ့ကြောင်း သောက်သုံးရေများ ဖြန့်ဝေပေးနေသည့် ရွှေရောင်နေ့သစ် လူမှုအထောက်အကူပြုအသင်းထံမှ သိရသည်။

ယင်းနောက် ဧပြီလဆန်းပိုင်းတွင် သာကေတ၊ အေးချမ်းသာယာ၊ ပေါ်ဦးလမ်း (ဇေယျာသီရိ ၃) စသည့် ရပ်ကွက်များတွင်ပါ ရေရှားပါးလာကြောင်း ရွှေရောင်နေ့သစ်လူမှုအထောက်အကူပြုအသင်းဝင်တစ်ဦးက ပြောသည်။

“အင်းလေးကမ်းဘက်မှာ ရေရှားတာကြားရပေမယ့် ရေတောင်းတဲ့ရပ်ကွက်ထဲ မပါသေးဘူး” ဟု ရွှေရောင်နေ့သစ် လူမှုအထောက်အကူပြုအသင်းဝင်တစ်ဦးက ပြောဆိုသည်။

အဆိုပါရေရှားပါးသည့် ရပ်ကွက်များအတွင်း မတ်လ ၂၃ ရက်နေ့မှ ဧပြီလ ၆ ရက်နေ့အထိ ရေဂါလံ ၁၈၀၀ ဆံ့ ရေကားအစီးရေ ၄၉ စီးဖြင့် စုစုပေါင်း ရေဂါလံ ၈၈၂၀၀ ဂါလံအား ဖြန့်ဝေပေးခဲ့ကြောင်း ယင်းအသင်းထံမှ သိရသည်။

ထို့အပြင် မြိတ်ခရိုင်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့က ဧပြီလ ၄ ရက်နေ့မှ ၆ ရက်နေ့အထိ ရေဂါလံပေါင်း ၁၁၂၀၀ ဂါလံအား ဖြန့်ဝေပေးထားပြီးဖြစ်ကြောင်း မြိတ်ခရိုင်မီးသတ်ဦးစီးဌာန၏ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ဖော်ပြထားသည်။

ပရဟိတနှင့် ဌာနဆိုင်တို့ နှစ်ခုပေါင်းလျှင် စုစုပေါင်းမှာ ရေဂါလံ ၉၉၄၀၀ အထိ ဖြန့်ဝေထားခြင်းဖြစ်သည်။

သောက်သုံးရေတို့အား အလှူရှင်များနှင့် ပရဟိတအသင်းအချို့တို့၏ လှူဒါန်းမှုတို့ဖြင့် ဖြန့်ဝေပေးခဲ့ခြင်းဖြစ်ကြောင်း ရွှေရောင်နေ့သစ် လူမှုအထောက်အကူပြုအသင်းထံမှ သိရသည်။

အလှူရှင်များအနေဖြင့် ရေလှူဒါန်းလိုပါက ရေဂါလံ ၁၈၀၀ ဆံ့ ရေကားတစ်စီးလျှင် ၃၀၀၀၀ ကျပ်နှုန်းဖြင့် ရွှေရောင်နေ့သစ် လူမှုအထောက်အကူပြုအသင်း ဖုန်း 09775609499 သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း ယင်းအသင်းထံမှ သိရသည်။

ထို့အပြင် သောက်သုံးရေများ ဖြန့်ဝေပေးမည့်အဖွဲ့အစည်းများရှိပါက အသင်း၌ ရေများလာရောက် ယူဆောင်နိုင်ကြောင်း ရာသက်ပန်နာရေးနှင့် လူမှုကူညီရေးအသင်းထံမှ သိရသည်။

မြိတ်တွင် နွေရာသီရောက်တိုင်း ရပ်ကွက်အချို့တို့တွင် ရေရှားပါးမှုဖြစ်ပေါ်လေ့ရှိကြောင်း မြို့ခံထံတို့က ဆိုသည်။