အဖွဲ့ဝင်တစ်ဦးပစ်သတ်ခံရပြီးနောက် ကျောက်ရပ်ရွာကို ပျူစောထီးအဖွဲ့က ခြိမ်းခြောက်

0
2321

ထားဝယ်မြို့နယ်၊ ကျောက်ရပ်ရွာတွင် ပြည်သူ့စစ် ခေါ် ပျူစောထီးအဖွဲ့ဝင်တစ်ဦးဖြစ်သူ အသက် ၄၀ ဝန်းကျင်အရွယ် ဦးဝေလ (ခေါ်) ဦးသီဟအောင် ဧပြီလ ၄ ရက် နံနက်ပိုင်းတွင် ပစ်သတ်ခံလိုက်ရကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ကျောက်ရပ်ရွာဈေးအနီး ကွမ်းယာဆိုင်တွင် ရှိနေစဉ် အမည်မသိ သေနတ်သမားတို့က လာရောက်ပစ်ခတ်သဖြင့် သေဆုံးသွားခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။

နောက်တစ်ရက် ဧပြီလ ၅ ရက်တွင် ပျူစောထီးခေါင်းဆောင် ဦးအောင်စိန်က ဒေသခံများကို အစည်းအဝေးခေါ်ယူပြီး ကျောက်ရပ်ကျေးရွာအုပ်စုအတွင်း ညမထွက်ရ၊ အမျိုးသားနှစ်ဦး ဆိုင်ကယ်မစီးရဟုပြောဆို ပြောဆိုသွားကြောင်း ဒေသခံအချို့က ဆိုသည်။

“ညမထွက်မရအမိန့်က ဘယ်ချိန်ကနေ ဘယ်ချိန်အထိဆိုပြီး ပြောတာမရှိဘူး။ (ပျူစောထီးပစ်သတ်ခံရပြီးနောက်ပိုင်း) ရွာမှာကလည်း ည ၆ နာရီကျော်ဆို လမ်းမထွက်ရတော့ဘူး။ ဆိုင်ကယ်စီးတာကတော့ ယောင်္ကျား နှစ်ယောက် မစီးခိုင်းဘူး။ စီးရင်ပစ်မယ်ပြောတယ်” ဟု အစည်းအဝေးတက်ရောက်ခဲ့သည့် ဒေသခံတစ်ဦးက ပြောသည်။

ဦးအောင်စိန်ဆိုသူမှာ ဒေသတွင်းနာမည်ကြီး ပျူစောထီးခေါင်းဆောင်တစ်ဦးဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ ပစ်ခတ်ခြင်းကိုလည်း အကြိမ်ကြိမ်ခံရဖူးသူဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ကျောက်ရပ်ရွာ အပါအဝင် ထားဝယ်ဒေသတွင် ညမထွက်ရ၊ အမျိုးသားနှစ်ဦး ဆိုင်ကယ်တစ်စီးတည်းအတူ မစီးရဆိုသည့် အမိန့်ကို ၂၀၂၂ ခုနှစ် အစောပိုင်းကတည်းက ကန့်သတ်ထားခြင်းဖြစ်သည်။

သို့သော် အချို့ကျေးရွာများတွင်မူ အမျိုးသားနှစ်ဦး ဆိုင်ကယ်စီးခြင်း၊ အရေး‌ကြီးကိစ္စများတွင် ညဘက်သွားလာခြင်းတို့ လုပ်ဆောင်နေကြသည်။ ၎င်းကျေးရွာများထဲတွင် ကျောက်ရပ်ရွာလည်း အပါအဝင်ဖြစ်သည်။

ပစ်ခတ်ခံရ၍ သေဆုံးသွားသည့် ဦးဝေလသည် လက်နက်ကိုင်ဆောင်ထားသည့် ပျူစောထီးအဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း ဆိုသည်။

၎င်း၏အသုဘကို ဧပြီလ ၆ ရက် နံနက်ပိုင်းက ပေါက်တိုင်း သုသာန်တွင်ပြုလုပ်ခဲ့ရာ စစ်ကောင်စီတပ်က လုံခြုံရေးယူပေးထားသည်ကို တွေ့ရကြောင်း ဒေသခံအချို့က ပြောဆိုသည်။

ပြီးခဲ့သည့် ဇန်နဝါရီလတွင်လည်း ကျောက်ရပ်ကျေးရွာအုပ်စုတွင် ပေါက်ကွဲမှုဖြစ်ပြီးနောက် နေအိမ်အချို့ဝင်စီးခံရပြီး ရွာသား သုံးဦး ကို စစ်တပ်က ဆယ်ရက်ကျော်ကြာ ခေါ်ယူစစ်ဆေးခဲ့သေးသည်။

ကျောက်ရပ်ကျေးရွာအုပ်စုသည် မြိတ်-ထားဝယ်ကားလမ်းပေါ်ရှိ ပေါက်တိုင်းတံတားစစ်ဆေးရေးဂိတ်အနီးမှ လမ်းခွဲဝင်ရပြီး ကျောက်ရပ်ရွာ၊ ပေါက်တိုင်းရွာနှင့် ဝမော်ရွာတို့ပါဝင်သည်။