တနင်္သာရီ-မောတောင်လမ်းတွင် တိုက်ပွဲပြင်းထန်

0
2350

မြိတ်ခရိုင်၊တနင်္သာရီမြို့နယ်၊မောတောင်လမ်းတွင် တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံများ ထံမှသိရသည်။

တနင်္သာရီ-မောတောင်လမ်းဖြစ်သည့် သိန်ခွန်းကျေးရွာအုပ်စု၊ ချောင်းနှစ်ပေါက်ရွာအနီးတွင် မနေ့ကစတင်ပြီး နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေသည်ဟု ဒေသခံများကပြောသည်။

“မနေ့ ကတည်းကဖြစ်နေတာလို့သိရတယ်။ ဒီနေ့မနက်ကလည်း ဖြစ်နေတုန်းပဲ။ လက်နက်ကြီးတွေ ပစ်နေတာ တဒုန်းဒုန်းနဲ့ အများကြီးပဲ”ဟု ဒေသခံအမျိုးသား ကပြောသည်။

လက်နက်ကြီးများကို ရေဖြူကျေးရွာရှိ စစ်ကောင်စီတပ်၏ ပျူဟာကုန်းမှ ပစ်ခတ်ခြင်းဖြစ်နိုင်သလို လမ်းမကြီးပေါ်မှလည်း ပစ်ခတ်ခြင်းဖြစ်နိုင်သည်ဟု ဒေသခံအချို့ကဆိုသည်။

စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် တစ်ညလုံးပစ်ခတ်နေပြီး ယနေ့မနက်တွင်လည်း တိုက်ပွဲဆက်ဖြစ်နေသည့်အတွက် ခရီးသွားလာမရဘဲ ရွာအတွင်း ပိတ်မိနေသည်ဟု ရှမ်းအင်းတော်ကျေးရွာ၌ ခေတ္တရောက်ရှိနေသည့် မြိတ်ဒေသခံ တစ်ဦးကပြောသည်။

“လက်နက်ကြီးလာကျမှာကြောက်လို့ညကလည်း တစ်ညလုံးမအိပ်ရဘူး”ဟု ၎င်းကပြောသည်။

ရှမ်းအင်းတော်ကျေးရွာသည် တိုက်ပွဲဖြစ်နေသည့် အနီးရှိကျေးရွာဖြစ်ပြီး ယနေ့မနက်တွင် စစ်ကောင်စီတပ်များက ရွာရှိတာဝါတိုင်အား လုံခြုံရေးယူထားကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။

လက်နက်ကြီး အဆက်မပြတ်ပစ်နေသည့်အတွက် ပြည်သူ့ကာကွယ်ရေးတပ်များမှ ယနေ့မနက်တွင် ပြန်လည်ဆုတ်ခွါနေသည်ဟု ကြားသိရကြောင်းနှင့် စစ်ကောင်စီဖက်က ထိခိုက်ကျဆုံးမှုများရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖက်မှလည်း တစ်ဦးဒဏ်ရာရရှိသည်ဟု ကြားရသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်နှင့် နီးစပ်သူတစ်ဦးကဆိုသည်။

ပြီးခဲ့သည့် မတ်လ ၁၉ ရက်နေ့ကလည်း ချောင်းနှစ်ပေါက်ရွာတံတားအနီး တိုးဂိတ်ကို ကော်သူးလေတပ်မတော်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ ဝင်ရောက်တိုက်ခိုက်ခဲ့သေးသည်။

စစ်ကောင်စီက ဖေဖော်ဝါရီ ၂ ရက်မှစတင်ပြီး တနင်္သာရီနှင့်ပုလောမြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေငြာပြီးနောက် စစ်ကောင်စီတပ်များမှ စစ်ကြောင်းထိုးခြင်းများ ပြုလုပ်လျက်ရှိပြီး နှစ်ဖက်တိုက်ပွဲများလည်း ခပ်စိတ်စိတ်ဖြစ်လာနေသည်။