ကျိုက်ထိုတွင် လက်နက်ကြီးကြောင့် အရပ်သား ၂ ဦးသေ၊ ၂ ဦးဒဏ်ရာရ

0
2443

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် မဲရုံလေးကျေးရွာအတွင်း စစ်ကောင်စီတပ်မှပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်သဖြင့်ဖြင့် အရပ်သား ၂ ဦးသေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။

မတ်လ ၂၇ ရက်နေ့ နေ့လယ် ၁၂ နာရီအချိန်ခန့်က ကျိုက်ထိုမြို့နယ် မရမ်းချောင်စစ်ဆေးရေးဂိတ်ကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)၊ ကျိုက်ထိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TPDF) နှင့် ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) တို့ပါဝင်သည့် ပူးပေါင်းတပ်ဖွဲ့က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယင်းနောက် မတ်လ ၂၇ ရက်နေ့ ည ၉ နာရီအချိန်ခန့်တွင် မရမ်းချောင်စစ်ဆေးရေးဂိတ်မှ မဲရုံလေးကျေးရွာဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု ဒေသခံတို့က ပြောသည်။

စစ်ကောင်စီတပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်သည် မဲရုံလေးကျေးရွာအနီး စိုက်ပျိုးရေးခြံတစ်ခုအတွင်း ကျရောက်ပေါက်ကွဲခဲ့သည်။

လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ခြံတွင်အလုပ်လုပ်ကိုင်နေသည့် အသက် ၂၄ နှစ်အရွယ် မောင်လျှမ်းထက်အောင်ဆိုသူ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့သည့် စောနောင်ဦးဆိုသူက ဆေးရုံအရောက်တွင် သေဆုံးသွားခဲ့သည်။

“တစ်ဦးကတော့ လက်နက်ကျတဲ့နေရာမှာပဲ သေဆုံးသွားခဲ့တယ်။ နောက်တစ်ယောက်ကတော့ ဆေးရုံရောက်ပြီးမှ သေသွားတယ်လို့ သိရတယ်” ဟု ကျိုက်ထိုဒေသခံတစ်ဦးက ပြောသည်။

ယင်းပြင် ဦးမောင်ဝင်းဌေးနှင့် ဦးဝင်းမြင့်တို့နှစ်ဦးလည်း ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့ပြီး သထုံပြည်သူ့ဆေးရုံတွင် တက်ရောက် ဆေးကုသမှုခံယူနေရသည်ဟုဆိုသည်။

မတ်လ ၁၈ ရက်နေ့ ညနေ ၃ နာရီခွဲအချိန်ခန့်က သထုံအခြေစိုက် အမြှောက်တပ် ၃၁၄ တပ်ရင်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် အသက် ၅ နှစ်အရွယ်ကလေးငယ် ၁ ဦး သေဆုံးသွားခဲ့သေးသည်။

အလားတူ မတ်လ ၈ ရက်နေ့ကလည်း သထုံမြို့နယ်အခြေစိုက် စစ်ကောင်စီခြေလျင်တပ် ခလရ-၂၄ တပ်ရင်းမှ ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျုံမိန်ကျေးရွာအတွင်း ကျရောက်မှုကြောင့် ကလေး ၂ ဦးသေဆုံးပြီး၊ ၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။

ကျိုက်ထိုမြို့နယ်အတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်တို့က ကျိုက်ထိုမြို့နယ် ဇီးပြောင်း၊ ဝင်းကံ၊ ပျဥ်းကတိုး၊ ကျောက်ဖျာ၊ အာလူး၊ ငှက်ပျော်တောနှင့် ဝင်းကလောကျေးရွာအုပ်စုအတွင်း လက်နက်ကြီးများဖြင့် နေ့စဉ်နီးပါး ပစ်ခတ်နေကြောင်း ကေအဲန်ယူဘက်က ထုတ်ပြန်ထားသည်။

စစ်ကောင်စီ ပစ်ခတ်လိုက်သည့် လက်နက်ကြီးများသည် ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲမှုကြောင့် လူထိခိုက်သေဆုံးမှုရှိခဲ့သည့်အပြင် ထောင်နှင့်ချီသည့် ဒေသခံပြည်သူများလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် ခဲ့ကြရသည်ဟု ထုတ်ပြန်ပါရှိသည်။