စစ်အသုံးစရိတ် တစ်ဝက်ကျော်ထောက်ပံ့ပေးနေသော PTT ကုမ္ပဏီကို သပိတ်မှောက်ရန် တိုက်တွန်း

0
2292

စစ်ကောင်စီ၏ တစ်နှစ်စာ စစ်အသုံးစရိတ် တစ်ဝက်ကျော်ကို ထောက်ပံ့ပေးနေသော ထိုင်းအစိုးရပိုင် PTT ကုမ္ပဏီကို ဆက်လက်ဖိအားပေး ဆန့်ကျင်သွားမည်ဖြစ်ကြောင်း ယမန်နေ့ မတ်လ ၂၈ ရက် သတင်းစာရှင်းလင်းပွဲတွင် သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့က ပြောကြားလိုက်သည်။

စစ်ကောင်စီလက်အောက်ခံ မြန်မာရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE နှင့် လက်တွဲလုပ်ကိုင်နေသော ထိုင်းအစိုးရပိုင် PTT ကုမ္ပဏီနှင့် PTTEP ရေနံကုမ္ပဏီများကို မြန်မာပြည်တွင်းသာမက ထိုင်းရောက် မြန်မာနိုင်ငံသားများပါ ဆန့်ကျင်သပိတ်မှောက်သွားမည်ဟု ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံပိုင် PTT ကုမ္ပဏီသည် စစ်ကောင်စီနှင့် လက်တွဲကာ မြန်မာ့ကမ်းလွန် သဘာဝဓာတ်ငွေ့ တူးဖော်ရေးလုပ်ငန်းလုပ်ကွက် ၄ ခုရှိသည့်အနက် ၃ ခုတွင် အဓိက ရင်းနှီးမြုပ်နှံသူအဖြစ်ရှိနေပြီး စစ်ကောင်စီသို့ စစ်အသုံးစရိတ် တစ်ဝက်ကျော် နိုင်ငံခြားငွေပေးသွင်းနေသော ကုမ္ပဏီတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ကြောင့် စစ်ကောင်စီကို စစ်အသုံးစရိတ် တစ်ဝက်ကျော်ကို ထောက်ပံ့ပေးနေသော ပြည်တွင်းရှိ PTT ကုမ္ပဏီပိုင် ပစ္စည်းများ၊ စက်သုံးဆီနှင့် ချောဆီလုပ်ငန်း၊ Café Amazon နှင့် PTT ဆီဆိုင်များတွင် ဆီဖြည့်ခြင်းများကို ဆန့်ကျင်သပိတ်မှောက်ကြဖို့ ပြည်တွင်း၊ပြည်ပ မြန်မာနိုင်ငံသားများကို တိုက်တွန်းကြောင်း ပြောကြားခဲ့သည်။

“PTT ကုမ္ပဏီဆိုတာ စစ်တပ်အတွက် စစ်အသုံးစရိတ် အများဆုံးထောက်ပံ့ပေးနေတဲ့ national ကုမ္ပဏီတစ်ခုဖြစ်တယ်။ ဒီထက်ဆိုးတာက စစ်တပ်အတွက် အကာကွယ်တစ်ခုဖြစ်နေတာ။ PTTEP ဟာ စစ်တပ်ကို ပိုက်ဆံပေးရုံတင်မဟုတ်ဘူး။ ကိုယ်ကျိုးစီးပွားအတွက်ကိုပါ ထောက်ပံ့ပေးနေတာမျိုးတွေ့တယ်” ဟု သွေးစွန်းငွေဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့ဝင်တစ်ဦးက ဆိုသည်။

ထို့အတွက် မြန်မာလူမျိုးများသာမက ထိုင်းလူမျိုးများကပါ မြန်မာစစ်ကောင်စီကို ကူညီပေးနေသော PTT ကို ဆန့်ကျင်ကြဖို့ တောင်းဆိုခဲ့ပြီး ထိုင်းနိုင်ငံရှိ မဟာမိတ်အဖွဲ့အစည်းများစွာနှင့် ချိတ်ဆက်ကာ PTT ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို သပိတ်မှောက်ဖို့ အစီအစဉ်ချ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သတင်းစာရှင်းလင်းပွဲတွင် စစ်ကောင်စီ၏ တစ်နှစ်စာ စစ်အသုံးစရိတ်မှာ ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံခန့်ရှိကြောင်း NUG မှ ပေးပို့ခဲ့သော အချက်ကို ကိုးကား၍ ပြောကြားခဲ့သည်။

NUG မှ ပေးပို့ခဲ့သော အချက်အလက်များအရ စစ်ကောင်စီက အာဏာသိမ်းဖို့ကြိုးစားသော အချိန်မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလအထိ ရတနာပရောဂျက်တစ်ခုတည်းကနေ PTTEP ကုမ္ပဏီမှ စစ်ကောင်စီကို ပေးခဲ့သောငွေသည် ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံအထိ ရှိခဲ့ကြောင်း ၎င်းကဆိုသည်။

၎င်းပမာဏသည် စစ်ကောင်စီ၏ စစ်အသုံးစရိတ် တစ်ဝက်ကျော်ကို PTTEP ကုမ္ပဏီတစ်ခုတည်းမှ ထောက်ပံ့ပေးနေခြင်းဖြစ်ကြောင်း သိရသည်။

“ဒါဟာ PTTEP ကနေ မြန်မာနိုင်ငံသားတွေအပေါ် ဘယ်လောက်ထိဒုက္ခပေးနေလဲဆိုတာ ကွင်းကွင်းကွက်ကွက်ကြီး တွေ့မြင်နေရတယ်။ ဒီ PTTEP ကပေးနေတဲ့ ပိုက်ဆံတွေကို ကျွန်တော်တို့ဘက်က ပိတ်ဆို့အရေးယူမှုတွေ မလုပ်နိုင်ဘူးဆိုရင် ကျွန်တော်တို့ လုံးပါးပါးဖို့ပဲ့ရှိတယ်။ ဒီထက်ပိုပြီး သေကြေပျက်စီးဖို့ပဲ့ရှိတယ်” ဟု ၎င်းကဆိုသည်။

ထိုင်းအစိုးရက ၎င်း၏ လျှပ်စစ်မီးရရှိရေးသည် မြန်မာနိုင်ငံ၏ သဘာဝဓာတ်ငွေ့အပေါ် မှီခိုနေရသည်ဟု ဝါဒဖြန့်မှုများကြောင့် အမေရိကန်အစိုးမှ MOGE ကို အရေးယူပိတ်ဆို့မှုများ မပြုလုပ်သေးသည်ကိုလည်း တွေ့ရှိရကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

သို့သော်လည်း ထိုင်းနိုင်ငံ၏ လျှပ်စစ်မီးရရှိရေးသည် မြန်မာနိုင်ငံမှ တင်ပို့နေသော သဘာဝဓာတ်ငွေ့ကို မှီခိုနေခြင်းမရှိဘဲ ထိုင်းနိုင်ငံ၏ လျှပ်စစ်ပိုလျှံမှုသည် ၅၃ ရာခိုင်နှုန်းခန့် ရှိနေကြောင်း Earth Right International ၏ အစီရင်ခံစာကို ကိုးကား၍ ပြောကြားခဲ့သည်။