မယ်ဆိုင်ဒေသတွင်း လေထုညစ်ညမ်းမှုကို ဖြေရှင်းရန် အဆိုပြုချက်များ အစိုးရထံ တင်ပြမည်

0
2114
ဓာတ်ပုံ - Thai PBS World

ထိုင်းနိုင်ငံ ချင်းရိုင်ပြည်နယ် ၊ မယ်ဆိုင်ခရိုင်တွင်း ပိုမိုဆိုးရွားလာသည့် လေထုညစ်ညမ်းမှုကို ကိုင်တွယ်ဖြေရှင်းရန်  ပုဂ္ဂလိက အဖွဲ့အစည်းများနှင့် အရပ်ဘက်အဖွဲ့အစည်းများသည် ရေတိုနှင့် ရေရှည်အစီအမံများကို ဒေသဆိုင်ရာ အာဏာပိုင်များမှတစ်ဆင့် နိုင်ငံတော်အစိုးရထံ တင်သွင်းသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ လေထုညစ်ညမ်းမှုသည် ယင်းခရိုင်နှင့် တခြားမြောက်ပိုင်းဒေသများတွင်း နေထိုင်သူများ၏ ကျန်းမာရေးကို ခြိမ်းခြောက်လျက်ရှိသည်။

၎င်းအဖွဲ့များ၏ ရေတိုအစီအစဉ် အနေဖြင့် မျက်နှာဖုံးများ၊ ဆေးဝါးများနှင့် လေသန့်စင်စက်များကဲ့သို့သော ကယ်ဆယ်ရေးနှင့် အကူအညီများ ပံ့ပိုးပေးနိုင်ရန် သက်ဆိုင်ရာ ဒေသန္တရအာဏာပိုင်များအနေနှင့် မယ်ဆိုင်ခရိုင်အား အများပြည်သူ ဘေးဒုက္ခ ဇုန်အဖြစ် ကြေညာပေးစေလိုကြောင်း သိရသည်။

ထို့အပြင် ချင်းရိုင် မြို့တော်ဝန်ကိုလည်း မြန်မာနှင့် လာအိုနိုင်ငံများရှိ အာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်ကာ ၎င်းတို့၏ ပြည်သူများအား တောမီး နှင့် လယ်ယာထွက် အမှိုက်များ မီးရှို့ဖျက်ဆီးမှုများကို လျှော့ချရန် ညွှန်ကြားပေးစေလိုကြောင်း သိရသည်။ 

အဆိုပါ အချက်ကို ၂၀၀၂ ခုနှစ်တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးက အတည်ပြုခဲ့သည့်  အာဆီယံနိုင်ငံဖြတ်ကျော် မီးခိုးမြူညစ်ညမ်းမှုဆိုင်ရာ သဘောတူစာချုပ်အရ တင်းကြပ်စွာ လိုက်နာဆောင်ရွက် စေလိုကြောင်းလည်း ထုတ်ဖော်တောင်းဆိုခဲ့ကြသည်။

ထို့အပြင် ဒေသဆိုင်ရာ တာဝန်ရှိသူများကိုလည်း သစ်တောများ သို့မဟုတ် လယ်မြေများတွင် မီးရှို့သူများကို ထိထိရောက်ရောက် အရေးယူရန်၊ မီးသတ်သမားများနှင့် စေတနာ့ဝန်ထမ်းများထံ လိုအပ်သည့် စက်ကိရိယာများ ပိုမိုပံ့ပိုးပေးရန် ယင်းအဖွဲ့အစည်းများက လိုလားသည်။

ရေရှည်အစီအစဉ် အဖြစ် အဆိုပါ အရပ်ဘက်နှင့် ပုဂ္ဂလိကဆိုင်ရာ အဖွဲ့အစည်းများသည် အိမ်နီးချင်းနိုင်ငံများမှ ထိုင်းနိုင်ငံသို့ တင်သွင်းသော ပြောင်းများအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သွင်းကုန်ခွန်မကောက်ရန် (သုညအခွန်) သတ်မှတ်ထားမှုကို ရုတ်သိမ်းပေးရန် တောင်းဆိုနေကြသည်။ 

အဆိုပါ သတ်မှတ်ချက် ကို အာဆီယံလွတ်လပ်သော ကုန်သွယ်မှုနယ်မြေ သဘောတူညီချက်အရ  ချမှတ်ထားခြင်းဖြစ်သည်။

သို့သော်ဒေသတွင်း လေထုညစ်ညမ်းမှုသည် လယ်ယာထွက် အမှိုက်များကို မီးရှို့ရာမှ အများဆုံး ဖြစ်ပေါ်တတ်သည့်အတွက် အဆိုပါ အဖွဲ့အစည်းများသည်  ပြောင်းတောင်သူများ အပေါ် အပြစ်ဖို့လျက် ရှိကြောင်း သိရသည်။

အစိုးရနှင့် သက်ဆိုင်ရာ အေဂျင်စီများ အနေဖြင့် ပြောင်းတင်သွင်းသူများထံ ၎င်းတို့၏ လယ်ယာ စွန့်ပစ်ပစ္စည်းများ မီးရှို့ခြင်းကို ရပ်တန့်ရန် သို့မဟုတ် လျှော့ချရန် ရည်ရွယ်လုပ်ဆောင်ပေးရန် မယ်ဆိုင်ဒေသတွင်း အရပ်ဘက်နှင့် ပုဂ္ဂလိကအဖွဲ့အစည်းများက အကြံပြုထားသည်။

အစိုးရနှင့် အခြား သက်ဆိုင်သည့် အဖွဲ့အစည်းများထံ ပေးပို့နိုင်ရန် ၎င်းအဆိုပြုချက်များကို မယ်ဆိုင်ဒေသ အုပ်ချုပ်ရေးမှုးချုပ် ထံ တင်သွင်းသွားမည် ဖြစ်ကြောင်း သိရသည်။

လေထုအရည်အသွေး တိုင်းတာသည့် PM2.5 အဆင့်သည် မယ်ဆိုင်ခရိုင်တွင် စိတ်ချရသည့် အဆင့်ကနေ  ယခု တစ်ပတ်ခန့် ကျော်လွန်သွားခဲ့ကာ လေထုညစ်ညမ်းမှု မြင့်တက်လာခဲ့သည်။

ထိုင်းပြည်တွင်းအပြင် မြန်မာနှင့် လာအိုနိုင်ငံတို့ရှိ တောမီးနှင့် လယ်မြေမီးရှို့မှုအများစုကြောင့် ဆိုးရွားလာသည့် လေထုညစ်ညမ်းမှု အန္တရာယ်မှ မိမိကိုယ်ကို ကာကွယ်ရန် မယ်ဆိုင်ခရိုင်အတွင်းရှိ ပြည်သူများသည် နေရပ်မှ ခေတ္တ ထွက်ခွာသွားကြပြီ ဖြစ်သည်။

Reference

●       Thai PBS World