စစ်အုပ်ချုပ်ရေးဒေသက ကျီးလန့်စာစားပြည်သူတွေရဲ့ဘဝ

0
2527

ပုလောနှင့် တနင်္သာရီမြို့နယ်တွေကို စစ်အုပ်ချုပ်ရေးကြေညာထားတာ ၂လနီးနီးရှိလာပြီဖြစ်ပါတယ်။

ဒီမြို့နယ်တွေက တနင်္သာရီတိုင်းအတွင်းမှာ အရင်ကတည်းက တိုက်ပွဲဖြစ်ပွားမှု အများဆုံးဖြစ်ပြီး နေအိမ်မီးရှို့ဖျက်ဆီးခံရတာ အများဆုံးဖြစ်ပွားတဲ့ မြို့နယ်တွေပါ။ စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက်မှာတော့အခြေအနေ ပိုဆိုးလာပါတယ်။

ဒီကာလမှာ စစ်ကောင်စီတပ်က အင်အားတိုးမြှင့်လာတာကြောင့် စစ်ရှိန်မြင့်လာပြီး စစ်ရေးနယ်မြေတွေလည်းပိုကျယ်လာပါတယ်။ တိုက်ပွဲတွေ နေ့တိုင်းဖြစ်နေပြီး ပုလောမှာဆိုရင် အရင်က စစ်ရေးပဋိပက္ခတွေ မရှိတဲ့ပင်လယ်အနီးက ရွာတွေအထိကိုပါ စစ်ကြောင်းတွေ ရောက်လာတာပါ။

လက်နက်ကြီးတွေပစ်ခတ်မှု ပိုများလာတဲ့အတွက်လည်း အရပ်သားပြည်သူထိခိုက်သေဆုံးတာတွေ များလာပါတယ်။

ဖမ်းဆီးတာတွေလည်းများလာပြီး စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ကာလမှာ အရပ်သားပြည်သူ ၅၀ ထက်မနည်း ဖမ်းဆီးခံခဲ့ရပါတယ်။ ဒီအထဲက တချို့ထက်ဝက်ကတော့ ပြန်လွတ်လာပါတယ်။

တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူတွေ ဘေးလွတ်ရာကို တိမ်းရှောင်တဲ့နှုန်းကလည်း မြင့်တက်လာပါတယ်။ဖေဖော်ဝါရီလ တစ်လထဲမှာ ဒီမြို့နယ်နှစ်ခုက ပြည်သူတစ်သောင်းကျော် စစ်ဘေးရှောင်ခဲ့ရပါတယ်လို့ FE5 Tanintharyi ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ဒါ့အပြင် ရာဇဝတ်မှုတွေ ထူပြောလာတာ၊ ခရီးသွားလာခွင့်တွေ အကြီးအကျယ် ကန့်သတ်ခံလာရတာ၊ ခရီးသွားကားတွေ ပစ်ခတ်ခံရတာ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ၊ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ဖို့အဆင်မပြေတော့တွေကြောင့် ဒေသခံပြည်သူတွေဟာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေ ပိုဆိုးလာပါတယ်။

ဒါကြောင့် နေရပ်စွန့်ခွာပြီး မြိတ်၊ ထားဝယ်၊ ကော့သောင်း မြို့တွေကို ရွှေ့ပြောင်းအခြေချတာတွေလည်းတစ်စတစ်စ များပြားလာပါတယ်။

နေ့စဉ်နဲ့အမျှ စိတ်မချမ်းမြေ့ဖွယ်ရာ အနိဋ္ဌာရုံမြင်ကွင်းများကို ထိတွေ့ခံစားနေရတဲ့ စစ်အုပ်ချုပ်ရေးဒေသက ပြည်သူတွေရဲ့ အခြေအနေကို Dawei Watch စာဖတ်ပရိသတ်တွေ သိရှိနိုင်နိုင်စေဖို့အတွက် အခုတစ်ပတ်တနင်္သာရီပုံရိပ် အစီအစဉ်မှာ ဖော်ပြပေးလိုက်ပါတယ်။

“ရွာမှာက တိတ်ဆိတ်ပြီးတော့ အိမ်တွေက တံခါးပိတ် သော့ခတ်ထားတာချည်းပဲ”

တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းကျေးရွာနေ အမျိုးသားတစ်ဦး

“ရင်ဆိုင်နေရတာက အသွားအလာရော၊ နေထိုင်ရတာရော အစစအရာရာပါပဲ။ အသွားအလာဆိုရင် အတော်ကျပ်ထားတယ်။ မြိတ်တက်ရင် မှတ်ပုံတင်မရှိတဲ့သူဆိုရင် ထောက်ခံစာယူသွားတာတောင် မရဘူး”

(စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် တနင်္သာရီမြို့ပေါ်အပါအဝင် ကျေးရွာနေသူတွေဟာ မှတ်ပုံတင်နဲ့သက်ဆိုင်ရာ ရပ်/ကျေးအုပ်ချုပ်ရေးမှူးထောက်ခံစာပါရှိမှပဲ ခရီးသွားလာခွင့်ရှိတော့တယ်။)

“ဂိတ်တွေမှာ ပိုက်ဆံညစ်နေတဲ့ အခြေအနေတွေ ဖြစ်နေတယ်။ ထောက်ခံစာပါသွားတာတောင် ဂိတ်တိုင်းမှာပိုက်ဆံလိုက်ပေးနေရတဲ့ အခြေအနေဖြစ်နေတယ်”

(ဒါ့အပြင် ခိုး၊ ဆိုး၊ လုယက်မှုတွေ အရင်ကထက် ပိုများလာပါတယ်။)

“ခိုး၊ ဆိုး၊ လုယက်တာတွေလည်း များလာတယ်။ ဟိုခြံမှာ လိုက်ခိုး၊ ဒီခြံမှာ လိုက်ခိုးကြတာ။ တိုင်တဲ့သူတွေလည်း တစ်ယောက်မှ မရှိဘူး။ လူသတ်မယ်ဆိုရင်တောင် သွားတိုင်လို့မရတဲ့ ပုံစံလိုဖြစ်နေပြီ။ ဘယ်လိုမှ မလုံခြုံဘူး။ အိမ်တွေကို မီးလာရှို့ရင်တောင် တိုင်လို့မရဲဘူး။ အဲဒီလိုဖြစ်နေပြီ”

(အဲဒီလို လုံခြုံမှုမရှိတဲ့အတွက် တခြားနေရာတွေကို ပြောင်းရွှေ့နေထိုင်တာတွေလည်း များလာပါတယ်။)

“လူဦးရေ ထက်ဝက်နီးပါးလောက် ရွာမှာ မရှိကြတော့ဘူး။ စီးပွားရေးတွေလည်း ကျဆင်းလာတယ်။ မြိတ်ဘက်၊ မောတောင်ဘက် ပြောင်းကြတယ်။ သဘော့လိပ်ဘက်မှာ မိုင်း‌ (ခဲမိုင်းလုပ်ကွက်) တွေရှိတာဆိုတော့၊PDF စိုးမိုးနယ်မြေလည်းဖြစ်နေတော့ သဘော့လိပ်ဘက်မှာ မြို့ကြီးလိုဖြစ်နေတယ်။ စီးပွားရေးသွားလုပ်ကြ၊သွားနေကြနဲ့။ ရွာမှာက တိတ်ဆိတ်ပြီးတော့ အိမ်တွေက တံခါးပိတ် သော့ခတ်ထားတာချည်းပဲ။ ငါးအိမ်မှာ သုံးအိမ်က သော့ခတ်ပဲ။ နှစ်အိမ်ပဲ လူရှိတော့တယ်”

(စစ်အုပ်ချုပ်ရေးကြေညာပြီးနောက်မှာ ညောင်ပင်ကွင်းကျေးရွာအုပ်စုက ညောင်ပင်ကွင်းအပါအဝင်ကျေးရွာတွေမှာ တိုက်ပွဲတွေ မကြာမကြာဖြစ်ပွားနေပါတယ်။)

“ကုန်ဈေးနှုန်းတွေက တအားတက်နေတာ”

တနင်္သာရီမြို့ပေါ်နေသူတစ်ဦး

“အရင်လို မစည်တော့ဘူး။ တိတ်ဆိတ်လာတယ်။ လူတွေက အဆင်ပြေတဲ့နေရာကိုပဲ ပြောင်းရွှေ့နေကြတာလေ။ ညဘက်ဆိုလည်း အပြင်ထွက်မရဲကြတော့ဘူး။

ရွာမှာပဲ တိုက်ပွဲဖြစ်နေတာမဟုတ်ဘူး။ ဗောဓိကမ်း၊ မြို့ပေါ်မှာတောင် ဖြစ်နေကြတာ။ အခုလည်း ရဟတ်ယာဉ်တစ်စီး လာဝဲနေတယ် ရိက္ခာချတာလား၊ ဘာလားတော့မသိဘူး။ ဘယ်ချိန်တိုက်ပွဲ ထဖြစ်မလဲ တွေးပူနေရတာ”

(တနင်္သာရီမြို့ထွက်ဝမှာရှိတဲ့ ဗောဓိကမ်းမြစ်ကူတံတားက စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်စခန်းကိုပြည်သူ့ကာကွယ်ရေးတပ်က မကြာခဏ လာရောက်တိုက်ခိုက်တဲ့အတွက် တိုက်ပွဲဖြစ်ပွားလေ့ရှိပါတယ်။)

“ပြီးတော့ ကုန်ဈေးနှုန်းတွေက တအားတက်နေတာ။ အရင်က ဆန်တစ်အိတ်ဆို ၂၀၀၀၀၊ ၂၅၀၀၀ ပဲရှိတာ။အခုက ၆၀၀၀၀ ကျော် ၇၀၀၀၀ အထိဖြစ်နေတာ။ ဆိုတော့ တစ်နေ့လုပ်တစ်နေ့စား လူ‌တွေမှာ ပင်ပန်းတာပေါ့”

(ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို တစ်နိုင်ငံလုံးက ပြည်သူတွေ ရင်ဆိုင်နေကြရပါတယ်။ စစ်အုပ်ချုပ်ရေးကြေညာခံထား ရတဲ့ နေရာတွေမှာ အသွားအလာ၊ ရိက္ခာသယ်ယူခွင့် အကန့်အသတ်များစွာရှိတာအပြင်စီးပွားရေးလုပ်ဖို့ အဆင်မပြေတဲ့အတွက် ကုန်ဈေးနှုန်းဒဏ်ကို ဒီဒေသက ပြည်သူတွေက ပိုပြီးခါးစည်းခံနေကြရပါတယ်။

ဒါ့အပြင် တနင်္သာရီရိုးမတစ်လျှောက်မှာရှိတဲ့ သဘာဝသယံဇာတတွေကိုလည်း ခေတ်ပျက်ကိုအခွင့်ကောင်းယူပြီး ပိုမိုထုတ်ယူလာကြတယ်လို့ဆိုပါတယ်)

“စစ်အုပ်ချုပ်ရေးဆိုတော့ ခေတ်ကာလကို အခွင့်ကောင်းယူပြီး ခရိုနီတွေ ပိုအခွင့်အရေးယူလာကြတာ။ စစ်အုပ်ချုပ်ရေး မကြေညာခင်ကတည်းက စကစနဲ့ ပေါင်းပြီးလုပ်ကြတာ။ အခုဆို ပိုဆိုးလာတယ်။ သစ်တွေ တအားထုတ်လာတယ်။ နှစ်ဖက်လုံး (KNU/PDFနှင့် စကစ) က သိတယ်။ ဘာမှ အတားအဆီးမရှိကြဘူး။ သစ်တိုက်တာလည်း တစ်ချိန်လုံး တိုက်နေတာ။ အရင်ကဆို နေ့ဘက်လုပ်လို့မရဲဘူး။ အခုက နေ့ဘက်ကြီးတောင် လမ်းဘေးမှာ သစ်တင်ကားတွေနားထားတာတွေ ရှိတယ်”

“ပုလောမှာ မနေချင်တော့ဘူး။ စိတ်ချမ်းချမ်းသာသာနေရတယ်ဆိုတာ တစ်နေ့မှမရှိဘဲကိုး”

ပုလောမြို့ခံ အမျိုးသမီးတစ်ဦး

“စစ်အုပ်ချုပ်ရေးကြေညာပြီးနောက်ပိုင်းဆိုရင်တော့ တိုက်ပွဲတွေ ပိုဖြစ်လာတာ သတိထားမိတယ်။ ပုလောမြို့ထဲမှာ မဟုတ်ပေမယ့် (တိုက်ပွဲဖြစ်နေတဲ့နေရာနဲ့) နီးနီးလေးပဲလေ။ အဲဒီမှာတိုက်ပွဲဖြစ်ပြီးဆို မြို့ထဲမှာလည်းစိတ်အေးလက်အေးနေလို့ မရတော့ဘူး”

(ပုလောမြို့အနီး ပုလောကုန်း၊ နန်တောင်၊ တောင်ယာကမ်း၊ ရှပ်ပုံ စတဲ့ကျေးရွာတွေမှာ တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေပါတယ်။ ဒေသခံတွေ မကြာခဏထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ အဲဒီကျေးရွာတွေမှာတိုက်ပွဲဖြစ်ပွားရင် ပုလောမြို့ပေါ်မှာလည်း စစ်ဆေးတင်းကျပ်လေ့ရှိပါတယ်။)

“မြို့ထဲမှာဆိုလည်း အရင်လို မဟုတ်တော့ဘူး။ ခြောက်ခြောက်ကပ်ကပ်နဲ့။ တစ်ခါတလေ မနက်ပိုင်း ဆိုင်ကိုသွားတဲ့အချိန်ဆို လမ်းပေါ်မှာလူရှင်းနေတာပဲ။ စိတ်ထဲမှာတောင် မလုံသလိုမျိုးဖြစ်တယ်”

(ပုလောမြို့အနီးအနားမှာရှိတဲ့ ကျေးရွာတချို့ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ထိန်းချုပ်ထားတယ်လို့ ဆိုနိုင်ပြီး ပုလောမြို့ကိုတော့ စစ်ကောင်စီတပ်က ထိန်းချုပ်ထားပါတယ်။

ဒါကြောင့် အချိန်မရွေး နှစ်ဖက်ပစ်ခတ်မှုတွေဖြစ်လာနိုင်သည့် အနေအထားပါ။ မြို့ခံတွေဟာလည်း စိုးရိမ်စိတ်နဲ့ နေထိုင်နေရကြရပါတယ်။ တစ်ခါတစ်ရံမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့က မြို့ပေါ်က ဌာနဆိုင်ရာရုံးတွေကိုလာရောက်တိုက်ခိုက်လေ့ရှိပါတယ်။ အဲဒါဆိုရင် စစ်ကောင်စီကလည်း မြို့ပေါ်မှာ စစ်ဆေးဖမ်းဆီးမှုတွေလုပ်လေ့ရှိပါတယ်)

“တိုက်ပွဲတွေဖြစ်လာပြီဆိုရင် ကိုယ့်ဘာသာတွေးပြီး ကြောက်နေတာတစ်ခုရှိတယ်။ လေယာဉ်နဲ့များ ဗုံးလာကြဲမှာလားလို့။ ပုလောက စစ်အုပ်ချုပ်ရေးထဲမှာဆိုတော့ ပြောလို့မရဘူး‌လေ”

(စစ်အုပ်ချုပ်ရေးကြေညာပြီးနောက်မှာ ပုလောမြို့နယ်အတွင်း တိုက်ပွဲတွေ ပိုမိုဖြစ်ပွားလာပေမယ့်လေကြောင်းက တိုက်ခိုက်တာမျိုးတော့ ဒီနေ့အချိန်အထိ မတွေ့ရသေးပါဘူး။ ဒါပေမဲ့ အချိန်မရွေးလေကြောင်းတိုက်ခိုက်မှုတွေ လုပ်လာနိုင်တဲ့အတွက် ပြည်သူတွေ စိုးရိမ်နေကြတာပါ။ ဒါကြောင့်လည်းနေရပ်စွန့်ခွာဖို့ ရွေးချယ်လာကြပါတယ်။)

“နိုင်ငံခြားထွက်ချင်နေတယ်။ ဒီမှာက ကိုယ့်အလုပ်နဲ့ကိုယ် အခြေကျနေပြီဆိုပေမယ့် ပုလောမှာ မနေချင်တော့ဘူး။ စိတ်ချမ်းချမ်းသာသာနေရတယ်ဆိုတာ တစ်နေ့မှမရှိဘဲကိုး။ နိုင်ငံခြားမှာ ပန်ကန်ပဲ‌ဆေးရဆေးရပုလောနဲ့ လွတ်ရင်ရပြီ။ အဲဒီလိုမျိုးကို ဖြစ်မိတယ်”

ယခုအင်တာဗျူးဖြေသည့် အမျိုးသမီးမှာ ဝင်ငွေအသင့်တင့်ကောင်းသည့် ကိုယ်ပိုင်လုပ်ငန်းရှိသူဖြစ်သည်။သို့သော် ပုလောမြို့အပါအဝင် ပြည်တွင်းတွင် မလုံခြုံဟု ခံစားနေရသဖြင့် နိုင်ငံကူးလက်မှတ်လျှောက်ထားပြီးအဆင်ပြေပါက ပြည်ပနိုင်ငံတစ်ခုခုသို့သွားရောက်ရန် ပြင်ဆင်ထားသူဖြစ်သည်။