ထိုင်းထီပေါက်သဖြင့် ဘုရားထံ ဝက်ခေါင်း ၁၀၀ ကပ်လှု

0
2598

ထိုင်းနိုင်ငံအလယ်ပိုင်း နခွန်ပသုမ်ခရိုင် ဝပ်ကလန်ဘန်ဖရာ (Wat Klang Bang Phra) ဘုရားကျောင်းရှိ မီတာ ၃၀ မြင့်သော ဗုဒ္ဓရုပ်ပွားတော်ရှေ့တွင် ထိုင်းထီဆုရှင်တစ်ဦးက ဝက်ခေါင်းပေါင်း ၁၀၀ ကိုကပ်လှုခဲ့သည်။

စမွတ်ပရာကန်ပြည်နယ်မှ အစိုးရထီ ကံထူးရှင် ပါနုနဝီဆမ်ဖန်သည် မည်သည့်ပမာဏ ကံထူးခဲ့ကြောင်း ထုတ်ဖော်ပြောဆိုမှု မရှိသော်လည်း ယခုလို ဗုဒ္ဓရုပ်ပွားတော်ရှေ့မှောက် ဝက်ခေါင်း ၁၀၀ ကို အမွှေးတိုင် တစ်တိုင်စီ ထွန်းညှိထားကာ ပူဇော်ရခြင်းမှာ ဂယ်ဘွန်ဟု အဓိပ္ပါယ်ရသည့် ကတိသစ္စာတည်ခြင်း ကို ပြသခြင်း ဖြစ်ကြောင်း ပြောသည်။

ထီမထိုးမီ ပါနုသည် Wat Klang Bang Phra ကျောင်းတွင် ထင်ရှားသော လွမ်ဖောဆုမ်ဝမ် (Luang Phor Som Wang) ဟု အမည်ပေးထားသည့် အဆိုပါ ဗုဒ္ဓရုပ်ပွားတော်ထံ သွားရောက်ခဲ့သည်။

ယင်းရုပ်ပွားတော်သည် ဆုတောင်းပြည့်သည်ဆိုကာ လူသိများ ကျော်ကြားသည်။

ပါနု သည် အဆိုပါ ရုပ်ပွားတော်ရှေ့တွင် ၎င်း၏လုပ်ငန်း ရောင်းအားတိုးရန်နှင့် ထီပေါက်ရန် ဆုတောင်းခဲ့ပြီး အဆိုပါ ဆုတောင်းများပြည့်ဝခဲ့ပါက ဝက်ခေါင်း ၁၀၀ ကို ဗုဒ္ဓရုပ်ပွားတော်အား ဆက်ကပ်မည်ဟု ကတိပြုခဲ့သည်။

များမကြာမီ ပါနု၏ စီးပွားရေး အောင်မြင်လာရုံသာမက ထီပါ ထပ်ဆောင်းပေါက်သောကြောင့် ၎င်း၏ ကတိတည်မှုအတွက် ဘုရားကျောင်းဝင်းတစ်ခုလုံးကို ဝက်သေများ၊ ပန်းကုံးတန်း ကိုးခုနှင့် မီးပန်း အခု ၁၀၀၀၀ နှင့် ဖုံးလွှမ်းပြသခဲ့သည်။

ယင်း အခမ်းအနားအပြီး အဆိုပါ ကျောင်းတိုက်မှ ဆရာတော် အရှင် ဖရာ ကရု စရီ ဆုတခွန် (Phra Khru Sri Sutakorn) သည် ကောင်းမြတ်သော ၊ အေးချမ်းသော အခိုက်အတန့်ဖြစ်ရန် အလို့ငှာ ဝက်ခေါင်းများနှင့် ဘုရားကျောင်းလာသူများအပေါ် ပရိတ်ရေများ ပက်ဖြန်းပေးခဲ့ကြောင်း KhaoSod သတင်းဌာန က ဖော်ပြသည်။

ထီဆုရှင် ပါနု သည် မီးရှူးမီးပန်း အခု ၁၀,၀၀၀ ကို ထွန်းညှိခဲ့ရာ ယင်းမီးရှူးမီးပန်းများ၏ ပြာများမှ 92 နှင့် 836 နံပါတ်များကို ပေါ်လာသည့်အတွက် အဆိုပါဂဏန်းများသည် နောက်လာမည့် အစိုးရထီ အတွက် နိမိတ် ဟုယုံကြည်နေသည်။

နောက်တစ်ကြိမ် ထီပေါက်ခဲ့ပါက ဝက်ခေါင်းများ ထပ်မံလှုဒါန်းခြင်းအပြင် ဆန် ၊ ကြက်ဥများနှင့် အတူ ယခု ဘုရားကျောင်းတွင် ကတိတည်ကြောင်း ပြသမည် ဟု ၎င်းက ပြောသည်။

Reference ● Thaiger