တနင်္သာရီနှင့် ပုလောက ကျေးရွာအချို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခံရ

0
2210

မြိတ်ခရိုင်၊ တနင်္သာရီနှင့် ပုလောမြို့နယ်တို့က ကျေးရွာအချို့ကို ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်နေကြောင်း ဒေသခံများထံမှ သိရသည်။

တနင်္သာရီမြို့နယ် ဘန်လောကျေးရွာအုပ်စုသို့ စစ်ကောင်စီအမြှောက်တပ် (၅၆၁) တပ်ရင်းက လက်နက်ကြီးဖြင့်ပစ်ခတ်သောကြောင့် ရွာသားအချို့ထွက်ပြေးနေရကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ တပ်ရင်းကို ပြည်သူ့ကာကွယ်ရေးတပ်က မတ်လ ၂၃ ရက်တွင် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု ရှိမရှိကိုမူ မသိရသေးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်နှင့် နီးစပ်သူတဦးက ဆိုသည်။

ယင်းနောက် ၂၃ရက်နှင့် ၂၄ ရက်တို့တွင် စစ်ကောင်စီအမြှောက်တပ်ရင်းက ဘန်လောကျေးရွာအုပ်စုသို့ လက်နက်ကြီးဖြင့် မကြာခဏ ပစ်ခတ်နေကြောင်း ဒေသခံများက ပြောဆိုသည်။

“ဒီနေ့လည်း ဆင်ခေါင်းရွာဖက်ကို ငါးလုံးပစ်လိုက်သေးတယ်။ လူထိခိုက်မှုတော့ မကြားရဘူး” ဟု ဒေသခံအမျိုးသားတစ်ဦးက မတ်လ ၂၄ ရက်ညပိုင်းက ပြောဆိုသည်။

လက်ရှိတွင် တနင်္သာရီမြို့၌ စစ်ကောင်စီအင်အားဖြည့်တင်းနေပြီး ဘန်လောကျေးရွာအုပ်စုဖက်သို့ အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာနိုင်ခြေရှိသည်ဟုလည်း ဒေသခံအချို့က ခန့်မှန်းပြောဆိုသည်။

အလားတူ ပုလောမြို့နယ်၊ သာယာကုန်းကျေးရွာတွင်လည်း မတ်လ ၂၄ရက် တိုက်ပွဲဖြစ်ခဲ့ပြီး ပုလောမြို့ စစ်ကောင်စီတပ်က ယင်းကျေးရွာဖက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်နေကြာင်း ဒေသခံများက ပြောသည်။

“ပွဲလည်း နည်းနည်းကြမ်းတယ်ကြားရတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။

တိုက်ပွဲအခြေအနေနှင့်ပတ်သက်ပြီး နောက်ဆက်တွဲအခြေအနေကိုမူ Dawei Watch က ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

ပုလောနှင့် တနင်္သာရီမြို့နယ်အား ဖေဖော်ဝါရီ ၂ ရက်တွင် စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များအကြား စစ်ရေးအရှိန်မြင့်လာပြီး တိုက်ပွဲများလည်း ခပ်စိပ်စိပ်ဖြစ်လာသည်။