မြန်မာစစ်အစိုးရအပေါ် ရုရှားထောက်ခံမှုသည် အရှေ့တောင်အာရှဒေသကို မတည်မငြိမ်ဖြစ်စေဟု အမေရိကန်သံတမန်ပြော

0
2361

မြန်မာနိုင်ငံ၏ ပဋိပက္ခတွင်း လက်နက်များ ထောက်ပံ့ပေးနေခြင်းနှင့်အတူ မြန်မာစစ်အာဏာရှင်များအတွက် ရုရှား၏ ကျောထောက်နောက်ခံ ရပ်တည်မှုသည် လက်ခံနိုင်ဖွယ်မရှိသလို အရှေ့တောင်အာရှဒေသတွင်း မတည်ငြိမ်မှုများကို ဆက်သွားနိုင်အောင် ကူညီသလို ဖြစ်နေကြောင်း  အမေရိကန်ထိပ်တန်းအရာရှိတစ်ဦးက ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း  မြန်မာနိုင်ငံတွင်း အရှိန်မြင့်လာသည့် အကျပ်အတည်းများ၏ ကျယ်ကျယ်ပြန့်ပြန့် သက်ရောက်မှုအပြင် နောက်ပိုင်းနိုင်ငံတွင်း စစ်အခြေစိုက်စခန်းများ တည်နိုင်သည့် အရိပ်အယောင်များနှင့် ရုရှား-မြန်မာစစ်အစိုးရ ဆက်ဆံရေး တိုးတက်လာမှု အပေါ် အမေရိကန် ပြည်ထောင်စု အနေနှင့် စိုးရိမ်နေကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရက်ခ် ရှိုးလက် (Derek Chollet) က ရိုက်တာသတင်းဌာနကို ဖြေကြားခဲ့သည်။

“မော်စကိုနဲ့ ဆက်သွယ်ပြောဆိုနေရတဲ့ ဘယ်သူမဆို မြန်မာစစ်အစိုးရအတွက် သူတို့ (ရုရှား) ရဲ့ စစ်ရေးအရ ဆက်လက်ပံ့ပိုးမှုဟာ လက်မခံနိုင်စရာပဲဆိုတာ ပြောပြဖို့လိုပါတယ်။ ဒါဟာ နိုင်ငံရေးအရ မတည်မငြိမ် ဖြစ်အောင် လုပ်ဆောင်နေတာပါ” ဟု ၎င်း၏ အရှေ့တောင်အာရှ ခရီးစဉ်အတွင်း အင်တာဗျူးတွင် ပြောကြားခဲ့သည်။

“ဒါက မြန်မာနိုင်ငံ အတွက်ပဲ  ပြဿနာ မဟုတ်ပါဘူး။၊ ဒီဒေသ (အရှေ့တောင်အာရှ) အတွက် ပြဿနာပါ” ဟု၎င်းက ပြောဆိုလိုက်သည်။

အာဏာသိမ်းမှု ကြောင့် ဆယ်စုနှစ် တစ်ခုကြာ မြေစမ်းခရမ်းပျိုးစ ဒီမိုကရေစီခရီးလမ်း အဆုံးသတ်ခဲ့ကာ ကမောက်ကမဖြစ်နေသည့် မြန်မာနိုင်ငံတွင်း စစ်တပ်၏အုပ်ချုပ်မှုအပေါ် ဖီဆန်မှုများအား  ချေမှုန်းရန် ကြိုးပမ်းသည့် တိုက်ပွဲများကြောင့် ပြည်သူ  ၁ ဒသမ ၂ သန်းခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း ကုလသမဂ္ဂ က ထုတ်ပြန်ထားသည်။

တက်ကြွလှုပ်ရှားသူများနှင့် ကုလသမဂ္ဂ မှ ကျွမ်းကျင်သူများက စစ်အစိုးရကို ထောက်ခံအားပေးသည့် ပထမဆုံးသော အင်အားကြီးနိုင်ငံဖြစ်သော ရုရှားနိုင်ငံနှင့် မြန်မာပြည်သူများအပေါ် စနစ်တကျ ရက်စက်ကြမ်းကြုတ်နေသည် ဟု သတ်မှတ်ထားသည့် စစ်တပ်အား လက်နက်များ ပံ့ပိုးပေးသည့် တရုတ်နိုင်ငံ တို့ကို ရှုတ်ချခဲ့သည်။ စစ်အစိုးရ ကမူ ၎င်းတို့သည် အကြမ်းဖက်မှုများကို ချေမှုန်းနေခြင်းသာ ဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။

“နှစ်တွေအများကြီးအကြာ ကျွန်တော်မြင်တွေ့ခဲ့ရတာက (ရုရှား နဲ့ မြန်မာ အကြား) စစ်ဘက်ဆက်ဆံရေးဟာ ကြီးထွားလာနေတာပါပဲ” ဟု ရှိုးလက် က ပြောကြားခဲ့သည်။

“အဓိကကတော့ ရုရှားကနေ မြန်မာနိုင်ငံထဲ လက်နက်တွေ သွင်းနေတာနဲ့ ပတ်သက်ပြီး ပိုစိုးရိမ်မိပါတယ်” ဟုလည်း ဆိုလိုက်သည်။

နှစ်နိုင်ငံလုံးအပေါ်  အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများ အရှိန်မြှင့်လာသည်နှင့်အမျှ အာဏာသိမ်းပြီး နောက်ပိုင်း ရုရှားသည် မြန်မာစစ်အစိုးရ၏ အရင်းနှီးဆုံး မဟာမိတ်ဖြစ်လာသည်။  

ရုရှားကာကွယ်ရေးဝန်ကြီးနှင့် ထိပ်တန်းသံတမန်များ မြန်မာနိုင်ငံသို့ လာရောက်မှု ရှိသလို စစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည်လည်း  ၂၀၂၁ ခုနှစ်ကတည်းက ရုရှားနိုင်ငံသို့ အကြိမ်ပေါင်းများစွာ လာရောက်ခဲ့ကာ အဆိုပါနှစ် ၊ ဇွန်လ တွင်  ရုရှား စစ်တက္ကသိုလ်၏  ဂုဏ်ထူးဆောင်ပါရဂူဘွဲ့  ချီးမြှင့်ခံထားရသည်။

ဒေသတွင်း မတည်ငြိမ်မှု၊ နယ်စပ်ဖြတ်ကျော် ရာဇ၀တ်မှုနှင့် တရားမဝင် မူးယစ်ဆေးဝါးမှု များ နှင့်အတူ မြန်မာနိုင်ငံ၏ လက်ရှိ အကျပ်အတည်းကို အရှေ့တောင်အာရှအတွက် အပြင်းထန်ဆုံး ခြိမ်းခြောက်မှုဟု ဘိုင်ဒန် (လက်ရှိ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်) အစိုးရ က မြင်ကြောင်း ရှိုးလက် က ပြောသည်။

အမေရိကန် ပြည်ထောင်စုသည် မြန်မာနိုင်ငံတွင်း အရှေ့တောင်အာရှ သံတမန်ရေး ကြိုးပမ်းမှုကို အားယူကာ ဒီမိုကရေစီလိုလားသော အတိုက်အခံပြုမှုတွင် ပါဝင်လာနိုင်ရန် (ဒေသတွင်း) နိုင်ငံများနှင့် လက်တွဲလုပ်ဆောင်နေသည့် အတွက် အဆိုပါ နိုင်ငံများ အနေနှင့်လည်း ပူးပေါင်းလာမည် ဟု ၎င်းက ယုံကြည်သည်။

ဒေသတွင်း နိုင်ငံများကလည်း အမေရိကန်-တရုတ် တင်းမာမှုများနှင့်ပတ်သက်ပြီး  စိုးရိမ်ပူပန်မှုများရှိနေသည့်အတွက် ၎င်းတို့ အနေနှင့် အဆိုပါ ဆက်ဆံရေး ကို တာဝန်သိသိ ကိုင်တွယ်ဖြေရှင်းချင်သည့် အပြင် မတူကွဲပြားမှုများ ရှိနိုင်သည့် ကဏ္ဍများမှာလည်း နှစ်ဦးနှစ်ဖက် စိတ်ရှည်သည်းခံမှု ကို ကျင့်သုံးလိုကြောင်း ရှိုးလက် က ပြောသည်။

“ကျွန်တော်တို့က ပြိုင်ဆိုင်မှုကို မကြောက်ပါဘူး။  ဥပမာ ထိုင်ဝမ်ရဲ့ အနာဂတ် ဆိုင်ရာ ကိစ္စ လိုမျိုး  ထိပ်တိုက်ရင်ဆိုင်ရမယ့် ဆက်ဆံရေး နယ်ပယ်တွေ ရှိလာမယ်၊ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော် တို့က ယေဘူယျအားဖြင့်  သဘောထား မတူညီကြလို့ပါပဲ။”

Reference

●       Reuters

●       Bangkok Post