ရွေးကောက်ပွဲအပြီးတွင် ပြည်တော်ပြန်ကာ ထောင်ဒဏ်ကျခံမည်ဆိုသော ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်

0
2298

ဒါလီ (Kyodo News ၏ဆောင်းပါးကို ဘာသာပြန်ဆိုသည်)

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာက လာမည့်အထွေထွေရွေးကောက်ပွဲရလဒ် မည်သို့ပင် ဖြစ်စေကာမူ ၎င်း၏ ကျန်ရှိနေသည့် ဘဝတစ်လျှောက်လုံး မိသားစုနှင့် အတူနေထိုင်ခွင့်ပေးမည်ဆိုပါက ထိုင်းနိုင်ငံတွင် အကျဉ်းကျခံရန် အဆင်သင့်ရှိကြောင်း သောကြာနေ့က ပြောကြားခဲ့သည်။

တိုကျိုခရီးစဉ်အတွင်း Kyodo News သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြည်နှင်ဒဏ်ခံကာ ပြည်ပတွင် နှစ်ပေါင်းများစွာ နေခဲ့ရပြီးနောက် သက်ဆင်သည်  ယခုလို အချိန်မျိုးကို စောင့်စားနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

၂၀၀၆ ခုနှစ်တွင် ထိုင်းစစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် ထောင်ဒဏ်ကို ရှောင်ရှားရန်အလို့ငှာ သက်ဆင်သည် ၂၀၀၈ ခုနှစ်တွင် ထိုင်းနိုင်ငံမှ ထွက်ခွာခဲ့ရသည်။

“အခုတော့ ကျွန်တော့်မိသားစုနဲ့ ခွဲခံခဲ့ရတာမို့လို့ ထောင်ကြီးထဲမှာ ၁၆ နှစ် ကျခံပြီးပြီ” ဟု သက်ဆင်က ဇာတီမြေ၏ အလွန် သူ့ဘဝအကြောင်းကို ရည်ညွှန်းပြောဆိုခဲ့သည်။

” ကြုံခဲ့ရတာတွေလည်း လုံလောက်ပြီ မို့လို့ ထောင်ကျဉ်းကျဉ်းလေးထဲမှာ ထပ်ခံစားရဦးမယ် ဆိုရင်တောင် ရပါတယ်။”

“တကယ်တော့ ဒါဟာ ကျွန်တော်ပေးဆပ်စရာမလိုတဲ့ အရာ ဖြစ်ပေမယ့်လည်း မြေးတွေနဲ့နေချင်တာကြောင့် ကျွန်တော် ပေးဆပ်သွားမှာပါ။ ကျွန်တော့်ဘဝရဲ့ ကျန်ရှိနေတဲ့ နေ့ရက်တွေမှာ သားသမီးတွေ ၊ မြေးမြစ်တွေနဲ့ ဖြတ်သန်းရသင့်ပါတယ်” ဟု အသက် ၇၃ နှစ် ရှိပြီ ဖြစ်သော သက်ဆင်က ပြောသည်။

၂၀၀၁ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ ထိုင်းနိုင်ငံ၏ ၀န်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော လူထုအကျိုးရည်မျှော်သော ဘီလျံနာ သက်ဆင်သည် ဖွေထိုင်းပါတီကို  အောက်လွှတ်တော်တွင် ထောက်ခံအားပေးမှု အများဆုံး ရရှိထားမှုနှင့်အတူ လာမည့် မေလ ၁၄ ရက် ရွေးကောက်ပွဲတွင် အနိုင်ရမည်ဟု ယုံကြည်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

၎င်း၏ ဒုတိယနှင့် အငယ်ဆုံးသမီးဖြစ်သူ အသက် ၃၆နှစ် အရွယ် ရှိ ပေထုံတန် ရှင်နာဝပ်ထရာ သည် ဖွေထိုင်းပါတီမှ တင်သွင်းမည့် ဝန်ကြီးချုပ်နေရာ လျာထားခံ အမတ်လောင်း သုံးဦးအနက် တစ်ဦးဖြစ်လာနိုင်ဖွယ် ရှိသည်။

လက်ရှိဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာသည် အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရန် ယခုနှစ် ၊ မတ်လ ၂၀ ရက်တွင် အောက်လွှတ်တော်ကို ဖျက်သိမ်းခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် ဖွေထိုင်းပါတီဦးဆောင်သော အရပ်သားအစိုးရကို ဖြုတ်ချကာ ပထမဆုံး အာဏာရလာခဲ့သည့် အာဏာသိမ်းခေါင်းဆောင်ဟောင်း ပရာယွတ်သည် ၂၀၁၉ခုနှစ် အထွေထွေရွေးကောက်ပွဲအပြီးတွင် ဝန်ကြီးချုပ်အဖြစ် ဆက်လက်ရပ်တည်ရန် ကြိုးပမ်းမည်ဟု ကြေညာခဲ့သည်။

စီးပွားရေးနယ်ပယ်တွင်လည်း ဩဇာကြီးခဲ့သည့် လုပ်ငန်းရှင်တစ်ဦး ဖြစ်သူ  သက်ဆင် သည် အကျိုးစီးပွားနွယ်ကိစ္စရပ်ကို ကျူးလွန်ခဲ့မှုကြောင့် ထောင်ဒဏ် ၂နှစ် ကျခံရန် တရားရုံးချုပ်က ကြားနာမှုမရှိဘဲ အမိန့်ချမှု မတိုင်မီ ၂၀၀၈ ခုနှစ် ဩဂုတ်လတွင် ထိုင်းနိုင်ငံမှ ထွက်ခွာခဲ့သည်။

တိမ်းရှောင်နေရဆဲ ဖြစ်သည့် ထိုင်းဝန်ကြီးချုပ်ဟောင်းသည် လာမည့် ရွေးကောက်ပွဲတွင် ဖွေထိုင်းပါတီ အာဏာရခဲ့သည် ဆိုရင်တောင် ပါလီမန်ထံမှ လွတ်ငြိမ်းချမ်းသာခွင့်ကို မျှော်ကိုးမည် မဟုတ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

“ကျွန်တော့်အတွက် လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေ ထုတ်ပြန်ဖို့အတွက် ပါတီကနေ တွန်းအားပေးတာ ခွင့်မပြုဖို့ ကျွန်တော့်သမီးကို ပြောခဲ့တယ်” ဟု ၎င်းက ဆိုသည်။

“ကျွန်တော့်ကို ဆန့်ကျင်သူတွေ ကျေနပ်မှာမျိုး မဟုတ်လို့ ဒါမျိုး မလိုအပ်ပါဘူး” ဟုလည်းဆိုသည်။

ထောင်ဒဏ်ကျခံဖို့ရာ နေရပ်ပြန်လာမည့် လုပ်ရပ်သည် ၎င်းကို လိုလားသည့် ပါတီများကို မဲပေးကာ လူထုဆန္ဒထုတ်ဖော်ချီတက်မှုများ ဆင်နွှဲရင်း ရပ်တည်ပေးနေကြသော ထောက်ခံသူများကို သစ္စာဖောက်တာမျိုး ဖြစ်လာမှာ မဟုတ်ကြောင်း သက်ဆင်က အခိုင်အမာ ပြောသည်။

“ဒီလိုပြန်လာမယ် ဆိုတာကလည်း ကျွန်တော် အမှားတစ်ခုခု လုပ်ခဲ့တယ် ဆိုပြီး လက်ခံတာမျိုး မဟုတ်ပါဘူး” ဟု သက်ဆင်က သူ့အပေါ် မလိုမုန်းထား ပြုမူခဲ့ကြောင်း ယူဆသည့် စနစ်တစ်ခုကိုသာ အပြစ်တင်ရင်း ယခုလို ပြောဆိုခဲ့သည်။

ပရာယွတ်ချန်အိုချာ၏ နှစ်ပေါင်းများစွာ အုပ်ချုပ်မှုကို ထိုင်းပြည်သူများ ငြီးငွေ့လာသောကြောင့် လာမည့်ရွေးကောက်ပွဲတွင် ဖွေထိုင်းပါတီ အနေနှင့် ဝင်ရောက်ယှဉ်ပြိုင်ရမည့် အမတ်နေရာ ၅၀၀ ၏ အနည်းဆုံး ထက်ဝက်ခန့် ကို သိမ်းပိုက်နိုင်မည်ဟု ဝန်ကြီးချုပ်ဟောင်း သက်ဆင်က  ခန့်မှန်းထားသည်။

ရွေးကောက်ပွဲမှာ ဖွေထိုင်းပါတီ နိုင်ခဲ့ရင်တောင် အခြားပါတီများနှင့် ညွန့်ပေါင်းအစိုးရဖွဲ့နိုင်ရန် လိုအပ်နေသေးကြောင်း ၎င်းကပြောသည်။

သို့သော် စစ်တပ်လိုလားသော ပါလန်းပရာချာရတ်ပါတီကဲ့သို့သော ၎င်း၏နိုင်ငံရေးရန်ဘက်များနှင့် ပူးပေါင်းနိုင်ခြင်း ဆိုသည်မှာ ဖွေထိုင်းအတွက် ဝေးကွာနေသေးသော အလားအလာတစ်ခု အနေနှင့်သာ မြင်ကြောင်း သက်ဆင်က ပြောသည်။

“ဒါဟာ ပထမဆုံးရွေးချယ်မှုမဟုတ်ဘဲ နောက်ဆုံးရွေးချယ်မှုပဲ ဖြစ်ကောင်းဖြစ်လိမ့်မယ်”

အထွေထွေရွေးကောက်ပွဲအပြီးတွင် ဝန်ကြီးချုပ်အသစ်ကို အထက်လွှတ်တော်အမတ် ၂၅၀ နှင့် အောက်လွှတ်တော်အမတ် ၅၀၀ တို့ကမဲပေးရွေးချယ်ကြရမည်ဖြစ်ပြီး အထက်လွှတ်တော်၏ အမတ်နေရာများ ရွေးချယ်မှုကို စစ်တပ်က ဆောင်ရွက်လေ့ရှိသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ဖွေထိုင်းပါတီ သည် အောက်လွှတ်တော်တွင် အမတ်နေရာအများဆုံးရရှိခဲ့သည်။

သို့သော် ပါလန်းပရာချာရတ်ပါတီ၏ ဝန်ကြီးချုပ်နေရာ လျာထားခံ အမတ် ဖြစ်သူ ပရာယွတ်ချန်အိုချာ သည် မဲအရေအတွက် ၅၀၀ ရရှိကာ ၂၄၄ မဲသာ ရရှိခဲ့သည့် အတိုက်အခံ ကိုယ်စားလှယ်လောင်းတစ်ဦးကို အနိုင်ယူကာ ဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။

အသက် ၆၉ နှစ်ရှိပြီဖြစ်သော ပရာယွတ်သည် ယခုတစ်ကြိမ်တွင်လည်း ဝန်ကြီးချုပ်ရာထူးကို အခြားပါတီ (ယူနိုက်တက် ထိုင်းနေရှင်းပါတီ) မှ စောင့်ကြည့်လျက် ရှိသည်။ ဖွေထိုင်း ပါတီ အနေနှင့် စစ်တပ်လိုလားသော ပါလန်းပရာချာရတ်ပါတီ ၏အကူအညီကို မလိုအပ်နိုင်ဟု ပြောဆိုခဲ့ကာ ဒါဇင်ပေါင်းများစွာသော အထက်လွှတ်တော်အမတ်များသည် ယခုအခါ တစ်သီးပုဂ္ဂလဖြစ်ပြီး အနိုင်ရပါတီကို မဲပေးရန် အသင့်ဖြစ်နေပြီဟု သက်ဆင် က ပြောကြားခဲ့သည်။

သမီးဖြစ်သူ ပေထုံတန် သည် ငယ်စဉ်ကတည်းက သူ့ထံမှ နိုင်ငံရေးကို သင်ယူခဲ့ရသည့်အတွက် နိုင်ငံရေးလောကတွင် အဆင်သင့်ဖြစ်နေပြီး  သူ့ထက် သာလွန်သော ဝန်ကြီးချုပ် ဖြစ်လာမည်ဟု သက်ဆင် က ခန့်မှန်းခဲ့သည်။

“သူမ (ပေထုံတန်)က ကျွန်တော့်ထက် ပိုကောင်းတာ ဖြစ်နိုင်ပါတယ်” ဟု ၎င်းက ဆိုသည်။ ” ပိုအေးဆေးတယ်၊ ကျွန်တော့်ထက် စိတ်ရှည်တယ်။ ပြီးတော့ အင်မတန် ဗဟုသုတကြွယ်တယ်”

ကလေးတစ်ယောက်မိခင်ဖြစ်ပြီး လက်ရှိတွင် ဒုတိယမြောက်ရင်သွေးကို လွယ်ထားရသည့် ပေထုံတန် ရှင်နာဝပ်ထရာ သည် လာမည့်ရွေးကောက်ပွဲတွင် အနိုင်ရပြီး ရွေးချယ်ခံရပါက ထိုင်းနိုင်ငံ၏ အသက်အငယ်ဆုံး ၀န်ကြီးချုပ်ဖြစ်လာမည်ဖြစ်သည်။ ထိုင်းတက္ကသိုလ်များ၏ သဘောထားစစ်တမ်းများအရ သူမသည် လက်ရှိတွင် လူထုအနှစ်သက်ဆုံး ၀န်ကြီးချုပ်လောင်းဖြစ်သည်။

ဒါလီ

Ex-PM Thaksin vows to return to Thailand post-election, face jail time by Chananthorn Kamjan, Kyodo News ဆောင်းပါး ကို ဘာသာပြန်ဆိုရေးသားသည်။