တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

0
2323

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

မတ် ၁၈ ရက်နေ့မှ မတ် ၂၄ ရက်နေ့အထိ

အိန္ဒိယရဲ့ အတိုက်အခံပါတီခေါင်းဆောင် ထောင်ဒဏ်ချမှတ်ခံရ

အသရေဖျက် ရာဇဝတ်မှုနဲ့ အိန္ဒိယရဲ့ အတိုက်အခံပါတီခေါင်းဆောင် ရာဟူး ဂန္ဒီ (Rahul Gandhi) မတ်လ ၂၃ ရက်မှာ ထောင်ဒဏ် ၂ နှစ် ချမှတ်ခံလိုက်ရပါတယ်။

၂၀၁၉ က ရွေးကောက်ပွဲစည်းရုံးရေး လူစုဝေးပွဲမှာ ဝန်ကြီးချုပ် နာရင်ဒရာ မိုဒီရဲ့ မျိုးရိုးနာမည်ကိုခေါ်ကာ သူခိုးတွေလို့ မှတ်ချက်ပြောကြားခဲ့တာပါ။

ဒါကို ဂူဂျာရတ်မြို့က တရားရုံးကနေ မစ္စတာ ဂန္ဒီ အပြစ်ရှိတယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။

အမိန့်ချခံရပြီး ထောင်ထဲကို ချက်ချင်း အပို့ခံရတာတော့ မဟုတ်သေးပါဘူး။

အာမခံ ရက်ပေါင်း ၃၀ ရပြီး သူ့ကို ချမှတ်ခဲ့တဲ့ ထောင်ဒဏ်အပေါ် အယူခံတင်ပါလိမ့်မယ်။

မစ္စတာ ဂန္ဒီက အယူခံတင်မယ်၊ တို့ တိုက်ပွဲဝင်မယ်၊ အနိုင်ရမယ်လို့ အတိုက်အခံ ကွန်ဂရက် ပါတီကနေ တွစ်တာပေါ်က တွိလုပ်ထားပါတယ်။

၂၀၁၉ ခုနှစ် ပြည်နယ်တစ်ခုရဲ့ မဲဆွယ် စုရုံးပွဲတခုမှာ သူက မိန့်ခွန်းပေးခဲ့ပါတယ်။

“သူခိုးတွေ အားလုံးက ဘယ်လိုဖြစ်ပြီး မိုဒီဆိုတဲ့ မျိုးရိုးနာမည်ကို ရနေလဲ မသိဘူး၊ နီရက် မိုဒီ၊ လာလစ် မိုဒီ၊ နာရင်ဒရာ မိုဒီ “လို့ သူကပြောကြားခဲ့လို့ တရားစွဲခံရတာဖြစ်ပါတယ်။

Ref: BBC

………………………………..

ဘင်္ဂလားဒေ့ရှ်မှာ ဘတ်စ်ကားတိမ်းမှောက်လို့ လူ ၁၉ ဦးသေဆုံး

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ မတ်လ ၁၉ ရက်နေ့က ဘတ်စကားတစ်စီး တိမ်းမှောက်ခဲ့လို့ အနည်းဆုံး လူ ၁၉ ဦး သေဆုံးခဲ့ပါတယ်။

ခရီးသည် ၄၀ ကျော်ကို တင်ဆောင်လာတဲ့ ဘတ်စကားဟာ လမ်းဘေးကာထားတဲ့ အတားအဆီးတွေကို ဖြတ်ကျော်ပြီး ကိုးမီတာ အနက်ရှိတဲ့ လမ်းဘေးမြောင်းထဲကို ပြုတ်ကျခဲ့တာပါ။

ကားမှောက်ခဲ့လို့ အနည်းဆုံး လူ ၂၅ ဦးလည်း အပြင်းအထန် ဒဏ်ရာရရှိခဲ့ပါသေးတယ်။

ကားမောင်းတဲ့သူဟာ ကားတာယာ ပွင့်ထွက်သွားပြီးတဲ့နောက်မှာ ဘတ်စ်ကားကို အရှိန်ထိန်းလို့မရတာ ဖြစ်နိုင်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ဒီဘတ်စကား မတော်တဆမှုကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အလယ်ပိုင်းက မြို့တော် ဒါကာနဲ့ ကီလိုမီတာ ၈၀ လောက်ဝေးတဲ့ ကားလမ်းပေါ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

Ref: Aljazeera

………………………………..

ဆိုင်ကလုန်းမုန်တိုင်း ဖရက်ဒီကြောင့် အာဖရိကတောင်ပိုင်းနိုင်ငံများ ကျန်းမာရေးအခက်ကြုံ

ဆိုင်ကလုန်းမုန်တိုင်း ဖရက်ဒီတိုက်ခိုက်ပြီးတဲ့နောက် အာဖရိကတောင်ပိုင်းနိုင်ငံတွေဖြစ်တဲ့ မာလာဝီ၊ မိုဇမ်ဘစ်နဲ့ မဒါဂတ်စကာ စတဲ့နိုင်ငံတွေ ကျန်းမာရေးဆိုင်ရာ အန္တရာယ်တွေနဲ့ ရင်ဆိုင်နေရတယ်။

မုန်တိုင်းကြောင့် အဆိုပါနိုင်ငံတွေက သန်းနဲ့ချီတဲ့ ပြည်သူတွေဟာ ကျန်းမာရေးအခက်ကြုံတွေ့နေရတာကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က သတိပေးလိုက်လိုက်တာပါ။

ရေကြီးရေလျှံမှုတွေနဲ့ မိုးသည်းထန်စွာ ရွာသွန်းမှုတွေကြောင့် အပျက်အစီး အဆုံးအရှုံး များခဲ့တဲ့ နိုင်ငံ သုံးနိုင်ငံက လူပေါင်း ၁ ဒသမ ၄ သန်းကျော် ဒုက္ခရောက်နေကြတာပါ။

သူတို့ဟာ တိုက်ဖွိုက်(အူယောင်ငန်းဖျား)၊ ကာလဝမ်း၊ အသည်းရောင်အသားဝါ အစရှိတဲ့ ရေကနေ ကူးစက်တဲ့ ရောဂါတွေနဲ့ ရင်ဆိုင်နေရကြရပါတယ်။

မုန်တိုင်းဟာ ဖေဖော်ဝါရီကနေ မတ်လအထိ တလကျော်ကြာခဲ့တာပါ။

မုန်တိုင်းကြောင့် ဆေးဘက်ဆိုင်ရာ အဆောက်အအုံ ၃၀၀ ကျော် ပျက်စီး ရေလွှမ်းခဲ့လို့ ကျန်းမာရေးစောင့်ရှောက်မှုတွေ လုံလုံလောက်လောက် မရ ဖြစ်နေကြရပါတယ်။

လက်ရှိအချိန်အထိ လူပေါင်း ၆၀၀ ကျော် သေဆုံးခဲ့ရပြီး ၁၄၀၀ နီးပါး ဒဏ်ရာရရှိခဲ့ပါတယ်။

Ref: VOA

………………………………..

TikTok စီအီးအိုကို ကန်လွှတ်တော် ကြားနာစစ်ဆေး

TikTok အက်ပလီကေးရှင်းရဲ့ စီအီးအိုဖြစ်တဲ့ အမှုဆောင်အရာရှိချုပ်တစ်ဦးက အမေရိကန်လွှတ်တော်ကော်မတီရှေ့မှောက်မှာ မတ်လ ၂၃ ရက်နေ့က အစစ်ဆေးခံခဲ့ရပါတယ်။

TikTok ကို တားမြစ်ပိတ်ပင်ဖို့ သင့်၊ မသင့် ဆုံးဖြတ်နိုင်ဖို့အတွက် ရှိုဇီချူး (Shou Zi Chew) ကို ဆင့်ခေါ်ခဲ့ခြင်းဖြစ်ပါတယ်။

ဒါဟာ သူတို့ Tiktok ရင်ဆိုင်နေရတဲ့ စွပ်စွဲချက်တွေကို တန်ပြန်နိုင်ဖို့ အမေရိကန် ဥပဒေပညာရှင်တွေရှေ့မှာ ဖြေရှင်းတာခဲ့တာပါ။

TikTok က သုံးစွဲသူတွေရဲ့ လူခြုံရေးကို အထူးအလေးထားလို့ ပိတ်ပင်ဖို့ မသင့်ဘူးလို့ ချေပခဲ့ပါတယ်။

TikTok သုံးစွဲသူတွေရဲ့ အချက်အလက်၊ လုံခြုံရေးနဲ့ ဘေးကင်းရေးအတွက် အမေရိကန် အာဏာပိုင်တွေက စိုးရိမ်မှုတွေ မြင့်တက်နေခဲ့တာပါ။

ဒါကြောင့် အမေရိကန်နိုင်ငံသားတွေရဲ့ ဒေတာ အချက်အလက်တွေကို တရုတ်အစိုးရလက်ထဲ မရောက်စေဖို့ အာမခံချက်နဲ့ပက်သက်ပြီး သူ့ကို ဖိအားပေးမေးမြန်းခဲ့ပါတယ်။

အမေရိကန်နိုင်ငံသားတွေရဲ့ ဒေတာတွေကို အမေရိကန်ပိုင် နည်းပညာ ကုမ္ပဏီကြီးတခုဖြစ်တဲ့ အော်ရီကယ်လ် (Oracle) ဆီမှာ ပြောင်းလဲ သိမ်းဆည်းနေတယ်လို့ သူကပြန်လည်ဖြေရှင်းခဲ့ပါတယ်။

Ref: BBC

………………………………..

ဂျပန်ဝန်ကြီးချုပ် ကြိုတင်ကြေညာမှုမရှိဘဲ ယူကရိန်းသို့ သွားရောက်

တရုတ်သမ္မတရှီကျင့်ဖျင် ရုရှားနိုင်ငံကို ရောက်ရှိနေချိန်မှာပဲ ဂျပန်ဝန်ကြီးချုပ် ဖူကီယို ကီရှီဒါကလည်း ယူကရိန်းကို ကြိုတင်ကြေညာခြင်းမရှိဘဲ မတ်လ ၂၁ ရက်က ရောက်လာခဲ့ပါတယ်။

ဝန်ကြီးချုပ်က ယူကရိန်းသမ္မတ ဇလန်စကီး နဲ့ လာရောက်တွေ့ဆုံခဲ့တာပါ။

Bucha မြို့က စစ်ဒဏ်ကြောင့် အသက်ဆုံးရှုံးခဲ့ရသူတွေကိုပါ သွားရောက် ဂါရဝပြုခဲ့ပါတယ်။

ရုရှားကျူးကျော်စစ်ကြောင့် ယူကရိန်းနိုင်ငံထဲက ထိခိုက်ပျက်စီးမှုတွေကို ကျနော်သွားကြည့်ပြီးတော့ သမ္မတဇလန်းစကီး နဲ့ အမြင်ချင်းဖလှယ်ခဲ့တယ်လို့ ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။

ဂျပန်နိုင်ငံဟာ လာမယ့်မေလမှာ ကျင်းပမဲ့ စက်မှုအင်အားကြီး ၇ နိုင်ငံ G7 ညီလာခံကို ဥက္ကဋ္ဌအဖြစ်တာဝန်ထမ်းဆောင်သွားမှာပါ။

Ref: Aljazeera

………………………………..

ထိုင်း ရွေးကောက်ပွဲ မေလ ၁၄ ရက်နေ့ ကျင်းပမယ်

ထိုင်းနိုင်ငံ ရွေးကောက်ပွဲကို လာမယ့်မေလ ၁၄ ရက်နေ့မှာ ကျင်းပမယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ကြေညာခဲ့ပါတယ်။

ဒါဟာ ရွေးကောက်ပွဲသစ် ကျင်းပဖို့ လွှတ်တော်ကို ဖျက်သိမ်းလိုက်ကြောင်း ကြေညာအပြီး နောက်တစ်ရက်မှာ ကြေညာခဲ့တာပါ။

အခြေခံဥပဒေအရ အထွေထွေရွေးကောက်ပွဲကို လွှတ်တော် ဖျက်သိမ်းပြီး ရက်ပေါင်း ၆၀ အတွင်း ကျင်းပဖို့ ပြဌာန်းထားပါတယ်။

ရွေးကောက်ပွဲမှာ ပါတီကြီး ၃ ခုက အားပြိုင်နေတာပါ။

ဖွေထိုင်းပါတီကတော့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့သမီးဖြစ်သူ ပေတုန်ထန် ရှင်နာဝပ်ကို အသားပေးပြီး နိုင်ငံထဲ နေ့စဉ်ရက်ဆက် စည်းရုံးရေးတွေ လုပ်ဆောင်နေပါတယ်။

ပရာရွတ်ချန်အိုချာရဲ့ စစ်ဘက် ကွန်ဆာဗေးတစ် ယူနိုက်တက်ထိုင်းနေရှင်းပါတီနဲ့ လုပ်ငန်းရှင်တစ်ဦးရဲ့ Move Forward ပါတီတို့လည်း လူထုထောက်ခံမှုတွေ ရရှိနေကြပါတယ်။

ရွေးကောက်ပွဲအတွက် လူထုစစ်တမ်းတွေမှာတော့ ဝန်ကြီးချုပ်ဟောင်းရဲ့ သမီးက လူကြိုက်အများဆုံးအဖြစ် ဦးဆောင်နေပါတယ်။

Ref: CNN

………………………………..

ဂျာမနီကုမ္ပဏီက ဘီယာမှုန့်ကို တီထွင်

ဂျာမနီနိုင်ငံရဲ့ အဖျော်ယမကာကုမ္ပဏီတစ်ခုကနေ ဘီယာမှုန့်ကို အောင်မြင်စွာ တီထွင်ထုတ်လုပ်နိုင်ခဲ့ပါတယ်။

ဒါကို ဂျာမနီနိုင်ငံရဲ့ နျူဇယ်လာကလော့စတာဘရူ (Neuzeller Klosterbräu) ကုမ္ပဏီကနေ တီထွင်ထုတ်လုပ်နိုင်ခဲ့တာပါ။

အမှုန့်ထဲမှာ ကာဗွန်ဓာတ်ငွေ့ကိုထည့်သွင်းထားတဲ့ ကမ္ဘာ့ပထမဆုံးဘီယာမှုန့်ကို ထုတ်လုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒါဟာ ကော်ဖီတို့ ပရိုတိန်းဖျော်ရည်တွေလို အမှုန့်ကို ရေနဲ့ဖျော်လိုက်တာနဲ့ ဘီယာကို ရရှိလာတော့မှာပါ။

ဒါဟာ ဘီယာပုလင်းတွေကို ကုန်ကျစရိတ်တွေနဲ့ တင်ပို့နေရတဲ့ အခြေအနေကို ပြောင်းလဲပေးနိုင်မယ်လို့ ဆိုထားပါတယ်။

လက်ရှိမှာတော့ ဘီယာမှုန့်မှာ အရက်မပါဝင်သေးပါဘူး။

ဒါပေမယ့် မကြာခင် အရက်ပါတဲ့ ဘီယာကို ထုတ်သွားမှာဖြစ်ပြီး ကမ္ဘာ့အနှံ့ကို တင်ပို့ဖိုအထိ မျှော်လင့်ထားတယ်လို့ ဆိုထားပါတယ်။

Ref: New York Post

………………………………..

ပူတင်ကိုဖမ်းဆီးဖို့ ကြိုးပမ်းသူတွေကို စစ်ကြေညာမယ်လို့ ရုရှားသတိပေး

ICC ကနေဖမ်းဝရမ်းထုတ်ခံရပြီးနောက် ရုရှားသမ္မတပူတင်ကို ဖမ်းဆီးဖို့ ကြိုးပမ်းသူမှန်သမျှကို “ရုရှားနိုင်ငံကိုစစ်ကြေညာခြင်း” လို့ ရုရှားဘက်က တုံ့ပြန်လိုက်ပါတယ်။

ပူတင်ကို ဖမ်းဆီးထိန်းသိမ်းဖို့ ကြိုးစားပါက ရုရှားကိုစစ်ကြေညာတယ်လို့ မှတ်ယူမယ်လို့ သမ္မတဟောင်း ဗက်ဗီဒက်က ခြိမ်းခြောက်ပြောဆိုခဲ့တာပါ။

အဲဒီလိုသာ အဖမ်းခံရရင် ကျွန်တော်တို့မှာ ရှိရှိသမျှ လက်နက်တွေ၊ ဒုံးကျည်တွေအားလုံး တရားရုံဆီကို လာပါလိမ့်မယ်လို့ သူကဆိုခဲ့တာပါ။

ကောင်းကင်ကို သေချာကြည့်ပါ။ လူတွေက ဒုံးကျည်တွေအောက်မှာ လမ်းလျှောက်နေကြတာ လို့ ဆိုထားပါတယ်။

ကရင်မလင်ကတော့ ICC ဖမ်းဝရမ်းက လက်ခံနိုင်စရာမရှိဘူးလို့ တုန့်ပြန်ထားပါတယ်။

Ref: Aljazeera

………………………………..

ပြင်သစ်မှာ ဆန္ဒပြသူတွေကနေ မြို့တော်ခန်းမကို မီးရှို့

ပြင်သစ်နိုင်ငံ အနောက်တောင်ပိုင်း ဘော်ဒိုးမြို့မှာ အစိုးရရဲ့ အငြိမ်းစားယူခွင့်သက်တမ်း တိုးမြှင့်မယ့်အပေါ် ဆန္ဒပြတဲ့အနေနဲ့ မတ်လ ၂၃ ရက်မှာ မြို့တော်ခန်းမကို မီးရှို့ခဲ့ပါတယ်။

မြို့တော်ပဲရစ် အပါအဝင် နိုင်ငံတဝန်းက ဆန့်ကျင်ဆန္ဒပြမှုတွေကြောင့် အခြေအနေတွေ ပြင်းထန်နေခဲ့တာပါ။

ည ၈ နာရီဝန်းကျင်လောက်မှာ ဘော်ဒိုးမြို့တော်ခန်းမ အဆောက်အဦးရဲ့ ပင်မတံခါးကြီး မီးလောင်ကျွမ်းခဲ့ပါတယ်။

မီးသတ်သမားတွေက ဒီမီးလောင်ကျွမ်းမှုကို အလျင်အမြန် ငြှိမ်းသတ်နိုင်ခဲ့ပေမဲ့ အကြောင်းအရင်းကို ထုတ်မပြောထားပါဘူး။

မီးလောင်မှုကြောင့် ပင်မတံခါးဟာ အနည်းငယ် ပျက်စီးသွားခဲ့ပါတယ်။

ပြင်သစ်နိုင်ငံမှာ တရားဝင် အငြိမ်းစားယူရမယ့် အသက်ကို ၆၄ နှစ်အထိ တိုးမြှင့်မယ့် ဥပဒေပြဋ္ဌာန်းဖို့ အစိုးရက လုပ်ဆောင်ခဲ့တာပါ။

ရက်ပိုင်းအကြာမှာ နိုင်ငံတဝန်း ဆန္ဒပြမှုတွေဖြစ်ပေါ်လာခဲ့ပြီး ရထားနဲ့ လေကြောင်းခရီးစဉ်တွေ ပြတ်တောက်နေခဲ့သလို ဝန်ထမ်းတွေလည်း အလုပ်ကနေ နုတ်ထွက်လာခဲ့ကြပါတယ်။

Ref: The Guardian

………………………………..

ဆိုမာလီယာတွင် မိုးခေါင်ရေရှားမှုကြောင့် ကလေးငယ်အပါအဝင် သေဆုံးသူ ၄၃၀၀၀ ကျော်ရှိလာ

ဆိုမာလီယာနိုင်ငံမှာ စံချိန်တင် မိုးခေါင်ရေရှားမှုကြောင့် မနှစ်က လူပေါင်း ၄၃၀၀၀ ကျော်သေဆုံးခဲ့တယ်လို့ UN က မတ်လ ၂၀ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

အဲဒီထဲက တစ်ဝက်လောက်ဟာ အသက် ၅ နှစ်အောက် ကလေးငယ်တွေ ဖြစ်နေကြတာပါ။

၅ နှစ်ဆက်တိုက် မိုးမရွာခဲ့ပြီးနောက် လူဦးရေ ၁၇ သန်းရှိတဲ့ ဆိုမာလီယာနိုင်ငံမှာ တစ်ဝက်နီးပါးလောက်က အကူအညီတွေ အရေးတကြီး လိုအပ်နေတယ်လို့ ကုလသမဂ္ဂက ပြောကြားခဲ့ပါတယ်။

နိုင်ငံရဲ့ တချို့အပိုင်းတွေကတော့ အငတ်ဘေးကြေညာချက်ကို ရှောင်လွှဲနိုင်ခဲ့တယ်လို့ ဆိုထားပါတယ်။

စားနပ်ရိက္ခာဖူလုံမှုလည်း အရမ်းဆိုးရွားနေပြီးတော့ ဒီလူတွေဟာ သူတို့မှာရှိသမျှ အကုန်ဆုံးရှုံးခဲ့ရပြီး မွေးမြူရေးနဲ့ စိုက်ပျိုးရေး၊ စားနပ်ရိက္ခာ၊ အမိုးအကာ၊ ရေ၊ ကျန်းမာရေးနဲ့ သူတို့လိုချင်တာမှန်သမျှ အကုန်လိုအပ်နေကြတယ်လို့ သိရပါတယ်။

Ref: Aljazeera

………………………………..