မင်းထိန်ရွာက အမျိုးသမီးခြောက်ဦး ပြန်လွတ်လာ

0
2848

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ မင်းထိန်ကျေးရွာက ဖမ်းဆီးခေါ်ဆောင်ခံရသည့် ဒေသခံ ၁၀ဦးအနက် အမျိုးသမီခြောက်ဦး ပြန်လည်လွတ်မြောက်လာကြောင်း ဒေသခံများထံမှ သိရသည်။

မတ်လ ၁၉ ရက်က မင်းထိန်ကျေးရွာသို့ စစ်ကောင်စီတပ်စစ်ကြောင်း ဝင်ရောက်ခဲ့ပြီးနောက် အမျိုးသမီး ခြောက်ဦးနှင့် အမျိုးသား လေးဦးအား ဖမ်းဆီးကာ ပုလောမြို့ရှိ တပ်ရင်းသို့ ခေါ်ဆောင်စစ်ဆေးခဲ့ကြောင်း ၎င်းတို့က ပြောသည်။

စစ်ဆေးခံရပြီးနောက် မတ်လ ၂၂ ရက်တွင် အမျိုးသမီးတစ်ဦး၊၂၃ ရက်တွင် သုံးဦးနှင့် ယနေ့ မတ်လ ၂၄ရက်တွင်
နှစ်ဦး ပြန်လည်လွတ်မြောက်လာကြောင်း ဒေသခံတို့က ဆိုသည်။

အမျိုးသား လေးဦးကိုမူ ဆက်လက်ဖမ်းဆီးထားဆဲဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။

“ဘာအကြောင်းကြောင့်နဲ့ ဖမ်းပြီး ဘယ်လိုပုံစံနဲ့ ပြန်လွတ်လာတယ်ဆိုတာ သေချာမသိရသေးဘူး” ဟု မင်းထိန်ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

မင်းထိန်ကျေးရွာအနီးရှိ ပဝတ်ကုန်း၊ ပဝတ်ဖျား၊ ကဒဲ၊ သင်္ကန်းတောစသည့် ကျေးရွာများတွင် တိုက်ပွဲများကြောင့် လူမနေထိုင်ကြသည်မှာ ကြာပြီဖြစ်သည်။

သို့သော်လည်း မင်းထိန်ရွာတွင်အမူ ရွာအနီးဝန်းကျင်တွင် မိုင်းဆွဲတိုက်ခိုက်မှုအချို့ရှိခဲ့သော်လည်း ရွာတွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိသဖြင့် ဒေသခံများ ပုံမှန်နေထိုင်နေကြသည့် ကျေးရွာဖြစ်သည်။

ပြီးခဲ့သည့် မတ်လ ၁၄ ရက်က မင်းထိန်ရွာနှင့် ပဝတ်ကုန်းရွာကြား လမ်းပိုင်းတစ်နေရာတွင် စစ်ကောင်စီတပ်ကားတန်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသည်။

ယင်းနောက် ၁၉ ရက်တွင် စစ်ကောင်စီတပ်က မင်းထိန်ရွာထဲဝင်ရောက်တပ်စွဲကာ ဒေသခံများကို ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

မတ်လ ၂၁ ရက်တွင်လည်း မင်းထိန်နှင့် ပဝတ်ဖျားရွာအကြားတွင် စစ်ကောင်စီတပ်ကားတန်းမိုင်းဆွဲတိုက်ခိုက်ခံရပြီး နှစ်ဖက်ပစ်ခတ်မှုများ ဖြစ်ပေါ်ခဲ့သေးသည်။